ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား တာဟစ်ချောင်တယောက် မနေ့ကမနက်အစောပိုင်းမှာ လည်ပင်းကို ဓားနဲ့ထောက် လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိဘာမင်ဂမ်မှာ အငှားနဲ့သွားကစားနေတဲ့ အသက် (၂၂) နှစ်အရွယ် အဆိုပါ ကစားသမားက သူ့ရဲ့နေအိမ်ထဲ အိပ်ပျော်နေချိန် မနက် (၃) နာရီမှာ လူသုံးယောက်က နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ တာဟစ်ချောင်ရဲ့ လည်မျိုကို ဓားနဲ့ထောက်ကာ ကျောက်မျက်ရတနာတွေ၊ နာရီတွေနဲ့ အိတ်တွေကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလူတွေဟာ တာဟစ်ချောင်ရဲ့ လုံခြုံရေးပေါ့လျော့မှုကိုတောင် လှောင်ပြောင်သွားခဲ့ကြတယ်လို့ သိရှိရပါတယ်။

အင်္ဂလန်အနောက်မြောက်ပိုင်းဒေသမှာ ဘောလုံးသမားတွေရဲ့ နေအိမ်ကို ဒီလိုမျိုး ခိုးဝင်ဓားပြတိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်ပွားလျက်ရှိပါတယ်။ အခု တာဟစ်ချောင်ရဲ့ဖြစ်ရပ်နဲ့ဆိုရင် ခရစ္စမတ်ကာလနောက်ပိုင်း ယူနိုက်တက်နဲ့မန်စီးတီးပေါင်း ကစားသမား (၅) ယောက်အထိ ထိတ်လန့်ဖွယ်အဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ယူနိုက်တက်မှာတင် လင်ဒီလော့ဖ်၊ လင်ဂတ်၊ ပေါ့ဘာနဲ့ တာဟစ်ချောင်တို့ ဒါမျိုး ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပေါ့ဘာနဲ့ တာဟစ်ချောင်တို့ရဲ့ဖြစ်ရပ်က တပတ်ဝန်းကျင်သာ ကွာဟပြီး ဖြစ်ပွားခဲ့တာပါ။ သတင်းရင်းမြစ်က “တာဟစ်ချောင်အတွက် ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတရပ်ပါ”
“လက်နက်ကိုင်ဆောင်ထားတဲ့ လူသုံးယောက်က သူ့ရဲ့လည်မျိုကို ဓားနဲ့ထောက်ထားပြီး မျက်လုံးကို ဓာတ်မီးအလင်းရောင်နဲ့ ထိုးထားပါတယ်။ နောက်ပြီး အိပ်ရာကထဖို့၊ နာရီတွေအပါအဝင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ထုတ်ပေးဖို့ ဓားပြတိုက်ကြပါတယ်။ ဒါကိုကြည့်ရတာ သူတို့က ဘယ်အရာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်းသိပုံပါ”
“ဘယ်ကစားသမားက ဘယ်လိုမျိုးဆိုတာကအစပေါ့။ နောက်ပြီး သူတို့က တာဟစ်ချောင်ကိုတောင် အိမ်ကို လုံခြုံရေးတိုးမြှင့်ဖို့နဲ့ နောက်တခါ ထပ်ဖြစ်နိုင်တယ်လို့တောင် သတိပေးသွားပါသေးတယ်။ တာဟစ်ချောင်ကတော့ တော်တော်လေး တုန်လှုပ်ချောက်ချားနေပါတယ်။ အခု လာတဲ့အဖွဲ့က ကြေးစားတွေဖြစ်နိုင်ပြီး ရှေ့က ကစားသမားတွေကိုလည်း သူတို့ပဲ ကျူးလွန်တာဖြစ်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။