ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာရဲ့ နေအိမ်ကို ယူနိုက်တက်နဲ့အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ်ပွဲကစားနေချိန်အတွင်း လူတစုက ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းအချို့ ခိုးယူခဲ့တယ်လို့ သိရှိရပါတယ်။ ပေါ့ဘာမတိုင်ခင်က ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ်ရဲ့နေအိမ်ကိုလည်း ယူနိုက်တက်ပွဲကန်နေတုန်း အလားတူ ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ပါတယ်။

ပေါ့ဘာဟာ အက်သလက်တီကိုနဲ့ပွဲမှာ ပွဲထွက်ခွင့်မရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ သူခိုးတွေဟာ ယူနိုက်တက်ပွဲပြီးခါနီး အချိန်တွေမှာ အခုလိုပဲ ပေါ့ဘာရဲ့နေအိမ်ကို ချိန်သားကိုက် ဖောက်ထွင်းခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာ ပေါ့ဘာရဲ့ ကလေးငယ်တွေသာ အိမ်ထဲ ကျန်နေခဲ့တယ်လို့ သိရှိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ပေါ့ဘာက “တနေ့ညက ကျနော်တို့ မိသားစုအတွက် အဆိုးရွားဆုံး အိပ်မက်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျနော်တို့ရဲ့ အိမ်က ဖောက်ထွင်းဝင်ရောက်ခံခဲ့ရပြီး အဲ့ဒီအချိန်မှာ ကလေးတွေက သူတို့အခန်းထဲမှာ အိပ်နေကြတာပါ။ သူခိုးတွေက ကျနော့်အိမ်ထဲမှာ (၅) မိနစ်တောင် မရကြာပါဘူး”
“ဒါပေမယ့် အချိန်အတွင်း သူတို့က ကျန်တဲ့အရာအားလုံးထက် ပိုမိုအဖိုးတန်တဲ့အရာတခုကို ယူဆောင်သွားခဲ့ပါတယ်။ ဒါတွေက ယူနိုက်တက်နဲ့ အက်သလက်တီကိုပွဲပြီးခါနီးအချိန်မှာဖြစ်ပွားခဲ့တာပါ။ ဒါကိုသိတဲ့အချိန်မှာ ကျနော်တို့ အိမ်မှာမရှိသေးပါဘူး။ အဲ့ဒီနောက် ကျနော်နဲ့ ကျနော့်ဇနီးနဲ့ အိမ်ကို အမြန်ပြေးခဲ့ရပြီး ကလေးတွေ ဘေးကင်းရဲ့လား ကြည့်ခဲ့ရပါတယ်”
“အဖေတယောက်အနေနဲ့ ကိုယ့်ရဲ့သားသမီးကို မကာကွယ်နိုင်တာလောက် ပိုမိုဆိုးရွားတဲ့ ခံစားချက်မရှိပါဘူး။ လူတိုင်း လူတိုင်း ကျနော့်လို မခံစားရဖို့ ကျနော်ဆုတောင်းပါတယ်။ သူခိုးတွေနဲ့ ပတ်သက်လို့ တစုံတခု သိရှိတယ်ဆိုရင် ကျနော့်ဆီကို ဆက်သွယ်သတင်းပေးနိုင်ပါတယ်” လို့ သူ့ရဲ့ တွစ်တာပေါ်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။