ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့အပြင် ကံကောင်းလို့ သွားပါမကျိုးခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမှာ တပွဲလုံး ပြိုင်ဘက်ဂိုးပေါက်ကို တည့်မတ်အောင် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

ဒါဟာ သူ့အတွက် ဒါမျိုးရင်ဆိုင်ရတဲ့ တတိယမြောက် ချန်ပီယံလိဂ်ပွဲအဖြစ်လည်း မှတ်တမ်းဆိုးတရပ် တင်ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ရော်နယ်ဒိုဟာ သူ့ရဲ့သွားတွေနဲ့ မက်ဂွိုင်းရားရဲ့ခေါင်းကို ဆောင့်မိခဲ့ပြီး မတော်တဆ အရှိန်သာ ဒီထက်ပိုပြင်းခဲ့ရင် သွားတွေကျိုးသွားနိုင်တာဖြစ်ပါတယ်။

ရုပ်သံကကြည့်ရှုနေတဲ့ ပရိသတ်တွေကလည်း ဒါကို ချက်ချင်းသတိထားမိခဲ့ပြီး ပွဲအပြီးမှာတော့ နောက်ပြောင်လျက်ရှိပါတယ်။ ပရိသတ်တယောက်က “မက်ဂွိုင်းရားက သူ့ရဲ့ခေါင်းကြီးနဲ့ ရော်နယ်ဒိုရဲ့ စျေးကြီးတဲ့သွားတွေကို ပြေးဆောင့်ခဲ့တာပါ” လို့ နောက်ပြောင်ခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားတွေကို အမြင့်ဘောအတွက် အက်သလက်တီကိုနောက်တန်းက လူကပ်ကစားနေချိန်မှာ မက်ဂွိုင်းရားက ပြိုင်ဘက်ရဲ့ အာရုံစိုက်မှု၊ လူကပ်မှုကိုရှောင်ရှားခဲ့ပါတယ်။ အဲ့ဒီလို ရှောင်ရှားနေချိန်မှာပဲ နောက်မှာရှိတဲ့ ရော်နယ်ဒိုရဲ့မျက်နှာကို မက်ဂွိုင်းရားတယောက် ခေါင်းနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုကတော့ ပွဲအပေါ် အာရုံစိုက်မပျက်ခဲ့ဘဲ ဘာမှကြီးကြီးမားမားလည်း ထိခိုက်ခဲ့ဟန်မရှိပါဘူး။ ဒီပွဲမှာ ရော်နယ်ဒိုက ပွဲချိန်ပြည့် ကစားသွားခဲ့ပြီး မက်ဂွိုင်းရားကတော့ ပွဲပြီးဆုံးခါနီးမှာ ကွင်းလယ်လူ မာတာနဲ့ လူစားလဲခံခဲ့ရပါတယ်။ မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ စပါးနဲ့ပွဲတုန်းကလည်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သေးပြီး ရော်နယ်ဒိုရဲ့ ဟက်ထရစ်ကြောင့်သာ ယူနိုက်တက်တို့ နိုင်ပွဲရရှိခဲ့သေးတာဖြစ်ပါတယ်။