ယူနိုက်တက်ပရိသတ်တွေဟာ မနေ့ညက အက်သလက်တီကိုနဲ့ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ဆွာရက်ဇ်ကို အော်ဟစ်သီဆို လှောင်ပြောင်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဆွာရက်ဇ်ရဲ့သွားတွေဟာ သာမန်ထက် အနည်းငယ်ရှေ့ထွက်နေတာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေကတော့ ဒီအပေါ်မှာ လှောင်ပြောင်ခဲ့ကြတာပါ။

ဆွာရက်ဇ်နဲ့ယူနိုက်တက်အကြား အီဗရာကို လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်လို့ ကျောင်းတော်က ရန်စတွေရှိခဲ့ပြီး ဆွာရက်ဇ်အပေါ်ကို ယူနိုက်တက်ပရိသတ်တွေ ခါးခါးသီးသီး မုန်းတီးခဲ့ကြတာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ လီဗာပူးကစားသမားဘဝမှာရော၊ ဘာစီလိုနာ ကစားသမားဘဝမှာပါ ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။

အခု အက်သလက်တီကိုကစားသမားအဖြစ်နဲ့ ဆွာရက်ဇ်ဟာ မနေ့ကပွဲမှာ ပွဲထွက်ခွင့်မရရှိခဲ့ဘဲ ကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန် အခုလိုပဲ အော်ဟစ် လှောင်ပြောင်ခံရတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေက ဆွာရက်ဇ်ရဲ့သွားနဲ့ ပတ်သက်လို့ လှောင်ပြောင်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
ယူနိုက်တက်ပရိသတ်တွေဟာ အရင်တည်းက အခုလိုပဲ ဆွာရက်ဇ်ပါဝင်တဲ့အသင်းနဲ့ ရင်ဆိုင်ရတိုင်း “ဆွာရက်ဇ်ရေ... မင်းရဲ့သွားတွေ လူကျွံနေတယ်” လို့ အော်ဟစ်သီဆိုလေ့ရှိခဲ့တာဖြစ်ပါတယ်။ မနေ့ကပွဲမှာလည်း ထုံးစံမပြတ် ယူနိုက်တက်ပရိသတ်တွေက ဆွာရက်ဇ်ကို ထပ်မံလှောင်ပြောင်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာလည်း အက်သလက်တီကိုနည်းပြ ဆီမြွန်နီကို ပလတ်စတစ်ရေပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ဟာ အက်သလက်တီကိုကစားသမား လိုဒီရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၂-၁ ဂိုးနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။ ပွဲအပြီးမှာ ဆီမြွန်နီက အဝတ်လဲခန်းထဲ ခပ်သုတ်သုတ် ဝင်သွားခဲ့ပြီး အဲ့ဒီအချိန်မှာ ယူနိုက်တက်ပရိသတ်တွေက ရေပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒီရေပုလင်းတွေက ဆီမြွန်နီကို ထိမှန်ခဲ့ခြင်းမရှိဘဲ ဆီမြွန်နီကလည်း သူ့အနေနဲ့ ယူနိုက်တက်ပရိသတ်တွေ အခုလိုမျိုး ရေပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တာကိုတောင် သတိမထားမိခဲ့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။