လစ်သူရေးနီးယားဘက်က Xiaomi ဖုန်းတွေမှာ ဆင်ဆာဖြတ်တဲ့စနစ် ထည့်သွင်းထားကြောင်း ပြောကြားမှုတွေကို ဖြေရှင်းဖို့ Xiaomi ဟာ ဥရောပအခြေစိုက်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခု ငှားရမ်းထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ Xiaomi စမတ်ဖုန်းတွေထဲ အသုံးအနှုန်းဆင်ဆာဖြတ်တဲ့နည်းပညာ ထည့်ထားကြောင်း လစ်သူရေးနီးယား လက်ထောက်ကာကွယ်ရေးဝန်ကြီးက စွပ်စွဲခဲ့တာပါ။ လစ်သူရေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ Xiaomi ဟာ Free Tibet ၊ Long Live Taiwan Independence နဲ့ Democracy Movement စတဲ့ စကားလုံးတွေနဲ့ ရှာဖွေမှုလုပ်တာကို Block ထားတယ်လို့ ဆိုပါတယ်။

Photo: newshub
Xiaomi ထုတ် Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Mi 10T 5G ဖုန်းတွေမှာ ဒီလို censor ဖြတ်နိုင်စွမ်းပါကြောင်း လစ်သူရေးနီးယား အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ NCSC ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီး censor ဖြတ်တဲ့ အသုံးအနှုန်း ၄၄၉ လုံး ထည့်ထားပြီး စကားလုံးတွေကို ပုံမှန် update လုပ်လေ့ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေနဲ့ လစ်သူရေးနီးယား လက်ထောက်ကာကွယ်ရေးဝန်ကြီး မာဂီရစ် အက်ဘူကီဗစ်စီးယပ်စ်တို့ တွေ့ဆုံချိန်မှာ ဝန်ကြီးက တရုတ်ဖုန်းသစ်တွေ မဝယ်ဖို့နဲ့ ဝယ်ထားရင်လည်း လွှင့်သာ ပစ်ဖို့ ပြောကြားခဲ့တာပါ။
လက်ရှိမှာ Xiaomi ဟာ ဒီလို ဆင်ဆာဖြတ်ဖို့ ထောက်လှမ်းတဲ့နည်းပညာကို ဥရောပဒေသတွင်းမှာ ပိတ်ပင်ထားပေမယ့် အဝေးကနေ အချိန်မရွေး ထိန်းချုပ်နိုင်အောင်လည်း လုပ်ထားတယ်လို့ လစ်သူရေးနီးယားဘက်က ဆိုပါတယ်။ ဒီလို ထုတ်ပြန်ချက် ထွက်လာပြီးတဲ့နောက်မှာ Xiaomi ဘက်က စမတ်ဖုန်းတွေမှာ built-in censorship လုပ်နိုင်စွမ်း ပါတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဖြေရှင်းဖို့ လွတ်လပ်တဲ့ Third-Party ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုကို ငှားရမ်းထားတယ်လို့ ပြောပါတယ်။
Photo: GSMArena
ဘယ်ကုမ္ပဏီကို ငှားသလဲဆိုတဲ့အပေါ် Xiaomi ဘက်က အသေးစိတ်မပြောပေမယ့် ဥရောပအဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Censorship လုပ်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်က တုံ့ပြန်ရာမှာတော့ ဒီလို Censorship Filters လုပ်ခြင်းဟာ စမတ်ဖုန်းလောကရဲ့ စံတစ်ခုဖြစ်ကြောင်းနဲ့ ဒေသတွင်း သုံးစွဲသူတွေအတွက် ထိခိုက်နစ်နာစေမယ့် အကြောင်းအရာနဲ့ ညစ်ညမ်းတဲ့ Pornographic Content တွေကနေ ကာကွယ်ဖို့ဖြစ်တယ်ဆိုပြီး ပြောကြားထားပါတယ်။