လစ်သူရေးနီးယားနဲ့ တရုတ်အကြား ဆက်ဆံရေး တင်းမာနေပါ

တရုတ်ဖုန်းတွေရဲ့ နောက်ကွယ်က လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အစိုးရအစီရင်ခံစာတစ်စောင် ထွက်လာပြီးနောက်မှာ တရုတ်ဖုန်းတွေ လွှင့်ပစ်လိုက်ဖို့ လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

           တရုတ်လုပ် စမတ်ဖုန်းတွေမှာ ဆင်ဆာတည်းဖြတ်မှု တစ်ခါတည်း ထည့်သွင်းလာကြောင်း တွေ့ရပြီးတဲ့နောက် အခုလို အကြံပြုတိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ လစ်သူရေးနီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာအစီရင်ခံစာမှာ ဥရောပဈေးကွက်ထဲ ရောင်းတဲ့ Xiaomi ထုတ် Flagship ဖုန်းတွေမှာ ဆင်ဆာဖြတ်မယ့် အသုံးအနှုန်းတွေကို ထောက်လှမ်းနိုင်တဲ့နည်းပညာ Built-In ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။




Photo: SCMP


           ဥရောပမှာ ရောင်းချတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ရဲ့ Flagship ဖုန်းတွေမှာ လွတ်လပ်ပါစေ တိဘက်ပြည်"Free Tibet "၊ ထိုင်ဝမ်လွတ်လပ်ရေး အဓွန့်ရှည်ပါစေ "Long Live Taiwan Independence" နဲ့ ဒီမိုကရေစီ လှုပ်ရှားမှု "Democracy Movement" ဆိုတဲ့ အသုံးအနှုန်းတွေကို ဆင်ဆာဖြတ်နိုင်တဲ့စနစ် ပါတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

           Xiaomi Mi 10T 5G ဖုန်းဆော့ဝဲလ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဥ‌ရောပသမဂ္ဂဒေသတွင်းမှာ ပိတ်ထားလိုက်ပြီ ဖြစ်ပေမယ့် အချိန်မရွေး အဝေးကနေ ပြန်ဖွင့်နိုင်တယ်လို့လည်း အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာရဲ့ အစီရင်ခံစာက ဆိုပါတယ်။ အစီရင်ခံစာမှာ Xiaomi ဖုန်း system apps တွေကနေ ဆင်ဆာဖြတ်ထားတဲ့ အသုံးအနှုန်းစာရင်းလည်း ဖော်ပြထားပါတယ်။ ဒီထဲမှာ တရုတ်ဘာသနဲ့ စကားအသုံးအနှုန်း ၄၄၉ လုံး ပါဝင်ပြီး စဉ်ဆက်မပြတ် အသစ်ဖြည့် Update လုပ်တယ်လို့လည်း ဆိုပါတယ်။ 

           "ကျွန်တော်တို့ အကြံပေးချင်တာက တရုတ်ဖုန်းသစ်တွေ မဝယ်ပါနဲ့။ ဝယ်ထားရင် မြန်မြန်သာ ရှင်းထုတ်ဖို့ပါပဲ"လို့ လက်ထောက်ကာကွယ်ရေးဝန်ကြီး မာဂီရစ် အက်ဘူကီဗစ်စီးယပ်စ်က ပြောပါတယ်။ Xiaomi ကတော့ ဒီကိစ္စပေါ် မှတ်ချက်ချခြင်း မရှိဘူးလို့ ဆိုပါတယ်။

           အမျိုးသားဆိုက်ဘာစင်တာရဲ့ အစီရင်ခံစာမှာ Xiaomi ဟာ လျှို့ဝှက်ထားတဲ့ ဖုန်းအသုံးပြုမှု အချက်အလက်တွေကို စင်ကာပူက ဆာဗာတစ်ခုထဲ ပေးပို့ထားတယ်လို့ဆိုပါတယ်။ Huawei က ထုတ်တဲ့ Huawei P40 5G ဖုန်းမှာလည်း လုံခြုံရေးယိုပေါက်တစ်ခု တွေ့ခဲ့ပေမယ့် တခြားတရုတ်ဖုန်းကုမ္ပဏီ OnePlus ဖုန်းတွေမှာတော့ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဘောလ်တစ်နိုင်ငံများမှ Huawei ကိုယ်စားလှယ်ကတော့ ကုမ္ပဏီထုတ် စမတ်ဖုန်းတွေဟာ သုံးစွဲသူအချက်အလက်ကို ပြင်ပကို ပေးပို့ခြင်း မရှိဘူးလို့ BNS သတင်းကို ပြောပါတယ်။


Photo: CNN


           လောလောဆယ် ထိုင်ဝမ်အရေးအခင်းနဲ့ ပတ်သက်ပြီး တရုတ်နဲ့ လစ်သူရေးနီးယားအကြား ဆက်ဆံရေး တင်းမာနေကာ တရုတ်အစိုးရဘက်က ဘေဂျင်းမှာရှိတဲ့ လစ်သူရေးနီးယားသံအမတ်ကို ပြန်ခေါ်ဖို့ တောင်းဆိုထားပါတယ်။ တရုတ်ဘက်ကလည်း လစ်သူရေးနီးယားနိုင်ငံ ဗီလ်နီးယပ်စ်မြို့မှာ ရှိတဲ့ သံတမန်ကို ပြန်ခေါ်သွားမယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ဘက်က လစ်သူရေးနီးယားမှာ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဖွင့်ဖို့ အစီအစဉ် ကြေညာပြီးနောက် တရုတ်ဘက်က အခုလို တုံ့ပြန်ခဲ့တာပါ။

           လစ်သူရေးနီးယားဟာ ထိုင်ဝမ်ကို ထောက်ခံအသိအမှတ်ပြုနေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေ ရှိတဲ့အကြားက ထိုင်ဝမ်အတွက် COVID-19 ကာကွယ်ဆေးတွေ ပေးပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က လစ်သူရေးနီးယား ဝန်ကြီးချုပ်အင်ဂရီဒါ ဆီမွန်နိုက်နဲ့ စကားပြောခဲ့ပြီး တရုတ်ဖိအားပေးမှုတွေနဲ့ ကြုံတဲ့အပေါ် လစ်သူရေးနီးယားဘက်က ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။

       

Share

Loading Next Article...
က္က