Samsung ဟာ အမေရိကန်တယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ Verizon အတွက် ကွန်ရက်ပစ္စည်းများ ထောက်ပံ့ဖို့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ပြီလို့ ဆိုပါတယ်။
Samsung နဲ့ Verizon တို့ရဲ့ အရောင်းအဝယ်စာချုပ်ဟာ ကိုရီးယားဝမ် ၇.၈၉ ထရီလီယံ (ဒေါ်လာ၆.၆ ဘီလျံခန့်) တန်တယ်လို့ SamMobile သတင်းက ဖော်ပြထားပါတယ်။ Samsung Networks ဟာ Verizon အတွက် 5G အပါအဝင် တယ်လီကွန်းပစ္စည်းအစိတ်အပိုင်းတွေကို နောက် ၅ နှစ်စာ ထောက်ပံ့သွားမှာပါ။

Photo: Procurement Nation
ဒီစာချုပ်သစ်ဟာ Samsung Networks ရဲ့ သမိုင်းမှာ အကြီးဆုံး စာချုပ်တစ်ခုလည်း ဖြစ်ပါတယ်။ စာချုပ်ရဲ့ တန်ဖိုးဟာ Samsung Electronics ရဲ့ ၂၀၁၉ ဘဏ္ဍာရေးနှစ် ရောင်းအား ကိုရီးယားဝမ် ၂၃၀ ထရီလီယံ ရဲ့ ၃.၄၃% ရှိတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားကွန်ရက်ကုမ္ပဏီ Samsung Networks ဟာ Verizon အတွက် ကွန်ရက်နည်းပညာထောက်ပံ့သူအဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရှိမှာပါ။
"ကျွန်တော်တို့ဟာ Verizon နဲ့ ရေရှည်လက်တွဲပြီး မျိုးဆက်သစ်ကွန်ရက်တက်လှမ်းမှုမှာ ပါဝင်ခွင့်ရလို့ ဝမ်းမြောက်ရပါတယ်။ အခု နောက်ဆုံးရလာတဲ့ ရေရှည်ဗျူဟာမြောက် ကန်ထရိုက်နဲ့အတူ ကျွန်တော်တို့ဟာ Verizon ရဲ့ ဖောက်သည်များအတွက် မိုဘိုင်းအတွေ့အကြုံတွေ ပိုမြှင့်ဖို့ 5G ဆန်းသစ်တီထွင်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်သွားမှာပါ။"လို့ Samsung က ထုတ်ပြန်ပါတယ်။
Photo: SamMobile
အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်တယ်လီကွန်းဈေးကွက်ကြီး ဖြစ်ပြီး ကွန်ရက်အခြေခံအဆောက်အဦပိုင်းအတွက် သုံးစွဲမှုဟာ ကမ္ဘာ့ကွန်ရက်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုရဲ့ လေးပုံတစ်ပုံအထိ ရှိတယ်လို့ ဆိုပါတယ်။ Samsung ဟာ အမေရိကန်အပြင် ကနေဒါ ၊ ဂျပန် ၊ နယူးဇီလန် ၊ တောင်ကိုရီးယားနဲ့ ယူကေတို့မှာ ရှိတဲ့ ဆယ်လူလာကွန်ရက်အော်ပရေတာတွေနဲ့လည်း စာချုပ်တွေ ချုပ်ဆိုထားပါတယ်။
5G ကွန်ရက်အခြေခံအဆောက်အဦဈေးကွက်ဆိုင်ရာ IHS Markit ရဲ့ အစီရင်ခံစာအရ Huawei ဟာ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကွန်ရက်ထောက်ပံ့သူ ဖြစ်ပြီး ဈေးကွက်ဝေစုရဲ့ ၂၆.၂% ရထားပါတယ်။ Ericsson နဲ့ Samsung Networks တို့ကတော့ ဈေးကွက်ဝေစု ၂၃.၄% နဲ့ ၂၃.၃% စီ ပိုင်ဆိုင်ထားပါတယ်။