ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ မနေ့ညက နော့ဝစ်ချ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ ကြိုးစားသွားမယ်လို့ သတိပေးစကားပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လာမယ့်ကြားရက် လီဗာပူးနဲ့ပွဲမှာလည်း အနိုင်ကစားမယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးဇယားအောက်ဆုံးက နော့ဝစ်ချ်ကို အပြန်အလှန်ကစားခဲ့ရပြီး ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ပွဲအပြီးမှာ ဒီဂီယာက “ရော်နယ်ဒိုက ကျနော်တို့အတွက် အရမ်းအရေးကြီးတဲ့ သွင်းဂိုးသုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကျနော်တို့ ကစားပုံမကောင်းခဲ့တာကို သိပါတယ်။ ဒါပေမယ့် သုံးမှတ်ရခဲ့ပါတယ်။ နော့ဝစ်ချ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ ကျနော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့သင့်ပါတယ်”

“ကျနော်တို့ရဲ့ အကောင်းဆုံး အခိုက်အတန့်မဟုတ်ခဲ့တာကိုလည်း သိပါတယ်။ အရေးကြီးဆုံးက နိုင်ပွဲရဖို့ဖြစ်ပြီး ထိပ်ဆုံးလေးသင်းဝင်ဖို့ နီးကပ်လာပါပြီ။ ကျနော်တို့အတွက် ကြီးမားတဲ့နိုင်ပွဲပါ။ ထိပ်သီးလေးသင်းဝင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပြီး ဒီအတွက် နောက်ဆုံးစက္ကန့်အထိ တိုက်ပွဲဝင်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ကျန် (၆) ပွဲကျန်ရှိနေချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့လက်ကျန်ပွဲတွေမှာ လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲတွေလည်းရှိနေပါသေးတယ်။ လာမယ့်ကြားရက်မှာ ယူနိုက်တက်က လီဗာပူးနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာပါ။
ဒီပွဲအတွက် ဒီဂီယာက “အခု ကျနော်တို့ သုံးမှတ်ရခဲ့ပြီး လာမယ့်အင်္ဂါနေ့ လီဗာပူးနဲ့ အဝေးကွင်းပွဲမှာ ဆက်ပြီး စောင့်ကြည့်ကြရအောင်။ နော့ဝစ်ချ်နဲ့နိုင်ပွဲက ကျနော်တို့အတွက် ယုံကြည်မှုတွေ ပိုရှိစေဖို့ မျှော်လင့်ပါတယ်။ လီဗာပူးကွင်းမှာ ကျနော်တို့ အနိုင်ရအောင် ကြိုးစားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။