နော့ဝစ်ချ်နဲ့ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့နောက် အသင်းရဲ့နိုင်ပွဲအပေါ် ပျော်ရွှင်ပြီး နောက်ဆုံးအချိန်ထိ ဆက်လက်ကြိုးစားသွားမယ်လို့ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောပါတယ်။ ရော်နယ်ဒိုဟာ နော့ဝစ်ချ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးသုံးဂိုးလုံးကို သွင်းယူပေးခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ အကြိမ် (၆၀) မြောက် ဟက်ထရစ်ကို ရရှိခဲ့တာပါ။

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက “နိုင်ပွဲအတွက် ပျော်ရွှင်ရသလို ပရီးမီးယားလိဂ်မှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာတဲ့အတွက်လည်း ပျော်ရွှင်ရပါတယ်။ ကျနော် အရင်က ပြောခဲ့သလိုပေါ့။ တဦးချင်းအောင်မြင်မှုတွေက အသင်းကို ကူညီနိုင်မှသာ ထိုက်တန်ကောင်းမွန်တဲ့အရာတွေပါ”

“ကျနော့်ရဲ့ ကစားသမားဘဝအတွက် အကြိမ် (၆၀) မြောက် ဟက်ထရစ်ကလည်း အများကြီးအရေးပါလှပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့် ဒီသွင်းဂိုးနဲ့ အသင်းကို (၃) မှတ် ရယူပေးနိုင်ခဲ့လို့ပါ။ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြပါတယ် ကိုယ့်လူတို့။ အားလုံးက ကြီးမားတဲ့ အားထုတ်မှုတွေရှိခဲ့ပါတယ်။ ငါတို့ အရှုံးမပေးဘူး။ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ကြမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
တဖက်က အာဆင်နယ်ရှုံးနိမ့်ချိန်မှာ ယူနိုက်တက်က ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာကို တက်လှမ်းလာခဲ့ပါတယ်။
ဒါပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တော့ ယူနိုက်တက်တို့ လာမယ့်ပွဲစဥ်တွေမှာ အမှားခံလို့လုံးဝမရဘဲ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ စပါး၊ အာဆင်နယ်တို့ ခြေချော်တာကိုလည်း စောင့်ဆိုင်းရမှာဖြစ်ပါတယ်။