ဘိုင်ယန်မြူးနစ်နည်းပြ နာဂျယ်လ်စမန်းက ဒီကနေ့ညမှာ ကစားမယ့် ဆဲလ်ဘာ့ဂ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့အိမ်ကွင်းပွဲအတွက် ပြိုင်ဘက်ကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။ ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်တို့ ရုန်းကန်ခဲ့ရပြီး ကိုးမန်းရဲ့ နောက်ကျချေပဂိုးကြောင့်သာ တဂိုးစီ သရေရလဒ်ရရှိခဲ့တာပါ။
ဒုတိယအကျော့နဲ့ ပတ်သက်လို့ နာဂျယ်လ်စမန်းက “ဆဲလ်ဘာ့ဂ်က ခေါင်းကြီးစိုက်ပြီး ပြေးနေကြတာမဟုတ်ပါဘူး။ ဒါပေမယ့် ခံစစ်လိုင်းကို ရှေ့တင်ထားတယ်၊ တန်ပြန်ဖိအားပေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ ပထမအကျော့မှာ သူတို့ မိနစ် (၆၀) နောက်ပိုင်း ကျသွားပါတယ်။ အစပိုင်းမှာတော့ သူတို့က ကျနော်တို့ကို ဖိအားတွေအောက် အရောက်ပို့ခဲ့ပြီး ကျနော်တို့ ဗျာများသွားပါတယ်”
“ဒီအတွက် ကျနော်တို့ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဆဲလ်ဘာ့ဂ်က နှစ်ပေါင်းများစွာကြာအောင် အသင်းကောင်းတသင်းအဖြစ် ရပ်တည်ခဲ့ပြီး ဘောလုံးရဖို့အတွက် အရမ်းရှင်းလင်းတဲ့ အိုင်ဒီယာရှိပါတယ်။ သူတို့ကို ခုခံဖို့ဆိုတာက ဘယ်တော့မှမလွယ်ကူပါဘူး။ အကောင်းဆုံးမဟုတ်တောင် အန္တရာယ်ပေးနိုင်တဲ့ အနေအထားမှာရှိပါတယ်”
“နောက်ပြီး တယောက်ချင်းစီအလိုက် အရည်အသွေးရှိတဲ့ စိတ်ဝင်စားစရာ ကစားသမားတွေရှိပါတယ်။ ဒီအသင်းက ဂျာမန်ဘွန်ဒက်စ်လီဂါမှာဆိုရင် အဆင့်ကောင်းကောင်းရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အောင်ပွဲကို ဆာလောင်နေတဲ့၊ တခုခုကို အရယူဖို့ ဆန္ဒပြင်းပြနေတဲ့ ကစားသမားကောင်းတွေ အများကြီးရှိလို့ပါ။ ကျနော်တို့ အရာအားလုံး ပေးဆပ်ပြီး ကစားဖို့ လိုအပ်တဲ့အထိကို အန္တရာယ်များလွန်းတဲ့ အသင်းတသင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့ည ပွဲစဥ်မှာ ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူနေရတဲ့ ဂိုးသမား နူအာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ သိရပြီး နည်းပြ နာဂျယ်လ်စမန်းနဲ့ မူလာတို့ကလည်း ဒီသတင်းကို အတည်ပြုပေးထားကြပါတယ်။ ဒါပေမယ့် တိုလစ်ဆို၊ ဂေါ်ရက်ဇ်ကာနဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့ကတော့ ဒီပွဲကို လွဲချော်ဖို့ရှိနေပါသေးတယ်။