ဒီပွဲမတိုင်ခင် မန်စီးတီးက ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီအတွက် ရောက်လာမယ့်ဖိအားတွေကို ဂွါဒီယိုလာကောင်းကောင်းသိပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက သူ့ကစားသမားတွေကို မသိမသာ တော်ကီကောင်းကောင်းလွှတ်ပြီး ဖိအားတွေလျှော့ပေးလိုက်ပါတယ်။

ဒါက တကယ်တမ်းပွဲကစားတဲ့အချိန်မှာ အသင်းကို အများကြီး သက်သောင့်သက်သာဖြစ်စေပါတယ်။ ဒီနှစ်သင်းမှာ မန်စီးတီးပဲ နောက်တဆင့်တက်မှာကို လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် ဒီလောက်အထိ စောစောစီးစီး ပွဲပြတ်သွားမယ်လို့တော့ ဘယ်သူမှထင်မှာ မဟုတ်ပါဘူး။

စပို့တင်းကို အိမ်ကွင်းမှာတင် ဒီလောက်ကြီးက များလိုက်တာကွာလို့ အပြစ်သွားတင်နေလို့မရပါဘူး။ သူတို့လုပ်နိုင်စွမ်းအကုန်က မန်စီးတီးရဲ့ သာမန်ပျမ်းမျှဆိုတဲ့ အားထုတ်မှုကိုတောင် ဘယ်လိုမှမကျော်နိုင်ပါဘူး။ ဂွါဒီယိုလာက ဒီပွဲမှာ သူ့ရဲ့အတောင့်တင်းဆုံးဆိုတဲ့ လူစာရင်းကိုပဲ ပွဲထုတ်ခဲ့ပါတယ်။
အသင်းက (၁၅) မိနစ်ကျော်ကျော်မှာတင် နှစ်ဂိုးပြတ်ဦးဆောင်ထားပြီး မိနစ် (၃၀) မှာ (၃) ဂိုး၊ ပထမပိုင်းအပြီးမှာ (၄) ဂိုးအထိပြတ်သွားခဲ့ပါတယ်။ မာရက်ဇ်က ချန်ပီယံလိဂ်ဆိုရင် အလိုလိုခြေတွေ့နေပြီး ချန်ပီယံလိဂ်နောက်ဆုံး (၁၁) ပွဲမှာ (၁၀) ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား ဂိုးပေါက်ပြန်တွေ့ခဲ့တာလည်း ဂွါဒီယိုလာအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
မန်စီးတီးအတွက် ဂိုးတွေကိုတော့ ပွဲကစားချိန် (၆) မိနစ်မှာ မာရက်ဇ်က ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဘာနာဒိုဆေးလ်ဗားရဲ့ မထင်မှတ်တဲ့ကန်ချက်က ဂိုးဝင်သွားခဲ့ပြီး ဒုတိယဂိုးရရှိခဲ့ပါတယ်။
(၃၁) မိနစ်မှာ ဖိုဒန်၊ (၄၃) မိနစ်မှာ ဘာနာဒိုဆေးလ်ဗားနဲ့ (၅၇) မိနစ်မှာ စတာလင်တို့က ဂိုးတွေဆက်တိုက် သွင်းယူပေးခဲ့ပြီး မန်စီးတီးတို့ (၅) ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအတွက်ကတော့ ဒီရလဒ်က တော်တော်လေး အထင်ကြီးစရာရလဒ်ဖြစ်ခဲ့ပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ခြေစွမ်းပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။