မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီကနေ့ညမှာ စပို့တင်းလစ္စဘွန်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်မတိုင်ခင် ချန်ပီယံလိဂ်ဖလားဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့အပေါ် ပေါ့ပေါ့ပါးပါးပဲ ဖွင့်ဟပြောကြားလာပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဥ်တွေမတိုင်ခင်မှာ မန်စီးတီးက အခြားသောဥရောပထိပ်တန်းအသင်းတွေကို ကျော်လွန်ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

မန်စီးတီးဟာ နောက်ပိုင်းနှစ်တွေအတွက် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပေမယ့် “မှန်းချက်နဲ့နှမ်းထွက်မကိုက်” ဖြစ်ခဲ့ရတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ရာသီမှာလည်း ဂွါဒီယိုလာရဲ့ မန်စီးတီးက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကိုပဲ ရှုံးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။
မန်စီးတီးတို့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံရတာက ဒီရာသီနဲ့ဆိုရင် (၃) နှစ်ဆက်တိုက် ဖြစ်လာခဲ့ပါပြီ။ အဲ့ဒါကြောင့်လည်း ဒီအပေါ်မှာ ဂွါဒီယိုလာက မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် စမတ်ကျဖို့၊ မျှော်လင့်ချက်တွေဖြည့်ဆည်းပေးဖို့ လိုအပ်လာပြီလို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီမြေမှာ စပို့တင်းလစ္စဘွန်းနဲ့ ကစားမယ့် ပွဲစဥ်မတိုင်ခင်မှာ ဂွါဒီယိုလာက “နောက်ဆုံး နှစ်ရာသီဆက်တိုက်လည်း ကျနော်တို့က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာပဲလေ။ ဒါပေမယ့် ကျနော်တို့ ဖလားမရခဲ့ပါဘူး။ ကျနော်တို့ အခုထက်ပိုပြီး သေချာပေါက် တည်ကြည်သင့်ပြီ၊ သေချာပေါက် ပရိသတ်တွေကို ဆွဲဆောင်နိုင်သင့်ပြီလေ”
“ရာသီတိုင်း၊ ရာသီတိုင်းမှာ ကျနော်တို့ကို ရေပန်းအစားဆုံးအဖြစ် ယုံကြည်နေတဲ့လူတွေအတွက်ပေါ့။ ဒါပေမယ့် ကျနော့်အနေနဲ့လည်း တကယ့်လက်တွေ့အမှန်ကို သိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးနဲ့အတူ အင်္ဂလန်ပြည်တွင်းဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာက ထွက်ခွာလာပြီးတည်းက ဂွါဒီယိုလာတယောက် ဘိုင်ယန်မြူးနစ်နဲ့ အခု မန်စီးတီးမှာ ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်နေဆဲပါ။ မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်တို့အဖွဲ့ကလည်း ချန်ပီယံလိဂ်ဖလားကို ဆာလောင်ငတ်မွတ်နေပြီး ဂွါဒီယိုလာတယောက် အားလုံးရဲ့မျှော်လင့်ချက်တွေကို ဒီရာသီမှာဖြည့်ဆည်းပေးနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။