မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီည ကစားမယ့် PSG နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် မက်ဆီနဲ့ ပတ်သက်လို့ ချီးကျူးစကားတွေ ပြောကြားခဲ့ပါတယ်။ အုပ်စု ပထမအကျော့ PSG အိမ်ကွင်းမှာတော့ မန်စီးတီးတို့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂွေယီ၊ မက်ဆီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

မက်ဆီကို အရောင်တင်ပေးခဲ့တဲ့၊ ဒီနေ့ဒီအချိန် ကမ္ဘာ့ဘောလုံးဇာတ်ခုံအပေါ် တင်ပေးခဲ့တဲ့ နည်းပြအဖြစ် ဂွါဒီယိုလာလို့ အားလုံးက ယုံကြည်လက်ခံထားပြီး ဂွါဒီယိုလာကိုယ်တိုင်ကလည်း မက်ဆီနဲ့ပတ်သက်လာရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် လက်ခံထားဆဲဖြစ်ပါတယ်။

မက်ဆီနဲ့ဂွါဒီယိုလာ ပြန်လည်ပေါင်းထုပ်ဖြစ်မလားဆိုတဲ့ ဇာတ်လမ်းတွေ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ဒါတွေက အမှန်တကယ် အကောင်အထည်မပေါ်လာခဲ့ပါဘူး။
ဒီရာသီ ချန်ပီယံလိဂ်မှာလည်း မက်ဆီနဲ့ဂွါဒီယိုလာတို့ ပြိုင်ဘက်အသွင် ပြန်လည် ရင်ဆိုင်နေကြပြီး ဒီညပွဲမတိုင်ခင်မှာတော့ ဂွါဒီယိုလာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက “မက်ဆီကို ထိန်းချုပ်ရတာ အရမ်းခက်တယ်ဗျ။ တခါတလေ မက်ဆီခြေထောက်ထဲ ဘောလုံးရောက်နေတဲ့အခါ သူ ဘာလုပ်သွားမလဲ ခင်ဗျားတို့ သိမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မက်ဆီကိုယ်တိုင်လည်း ဘာလုပ်မယ်ဆိုတာကို မသိဘူးလေ”
“သူ အခုချိန်ထိ ဘောလုံးကစားနေသေးတာ၊ သူကစားနေတဲ အဆင့်အတန်း၊ သူ့ရဲ့လက်ရှိ အရည်အသွေးတွေကို မြင်ရတာ ကျနော် အရမ်းအရမ်းကို ပျော်ရွှင်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးက လက်ရှိအုပ်စုအဆင့်မှာ ရမှတ် (၉) မှတ်၊ PSG က ရမှတ် (၈) မှတ်ရရှိထားပြီး ဒီညမှာ အနိုင်ရရှိတဲ့အသင်းကတော့ နောက်တဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်သွားတော့မှာဖြစ်ပါတယ်။