ဂျူဗင်တပ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး နည်းပြအယ်လီဂရီက ၎င်းရဲ့အမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ စနေနေ့က ပါးမားအသင်းနဲ့ပွဲစဉ်မှာလည်း ဂိုးပေါက်ထပ်မံပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။
Photos: Sky Sport
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂိုးသွင်းခွင့်ရရှိဖို့အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့ပေမယ့် ဂိုးပေါက်ပျောက်ဆုံးနေတာကြောင့် စိတ်ပျက်နေခဲ့တာကို တွေ့ရပါတယ်။ ပါးမားနဲ့ပွဲအပြီးမှာ ဂျူဗင်တပ်အသင်းရဲ့နည်းပြ အယ်လီဂရီက ရော်နယ်ဒို ဂိုးမသွင်းယူနိုင်တာဟာ စပိန်မှာထက် အီတလီမှာက ကြံ့ခိုင်မှုနဲ့ အသင်းတွေရဲ့ ခံစစ်ဖွဲ့စည်းမှုကြောင့် ဂိုးပေါက်ရှာတွေ့ဖို့ ပိုမိုခက်ခဲနေတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘယ်တော့မှ ဂိုးသွင်းနိုင်မှာလဲ ခရစ်စတီယာနိုရော်နယ်ဒို
"အီတလီဘောလုံးလောကက မတူညီတဲ့ပြဿနာတွေကို တင်ဆက်နေပါတယ်။ အချိန်တော့ နည်းနည်းယူရမှာပေါ့"
"ဒီက မြက်ခင်းစိမ်းတွေနဲ့ သူ ပွတ်တိုက်မှု အခုအချိန်မှာ မရှိသေးပါဘူး။ ဘောလုံးက သူ ဂိုးသွင်းနိုင်လောက်အောင် မှန်မှန်ကန်ကန် ခုန်ပေါက်မနေလို့လား ဒါမှမဟုတ် သူ ဂိုးပေါက်အပြင်ဘက်ကိုပဲ ကန်နေလို့လား တစ်ခုခုပါပဲ"
Photos: Soccerladuma
"အနားယူပြီးနောက်မှာ ကျွန်တော်တို့အားလုံး ပြန်လန်းဆန်းလာမှာပါ။ အဲဒီအခါမှ တကယ့်ရာသီအစစ်က စတင်မှာပါ"
"စီးရီးအေဆိုတာ အသင်းတွေအားလုံး ခံစစ်ကို သေချာဂရုပြုကြတဲ့ လိဂ်တစ်ခုပါ။ ဥရောပက တခြားလိဂ်တွေထက် ပိုကောင်းမွန်တဲ့လိဂ်လို့ ကျွန်တော် ပြောချင်တာမဟုတ်ပါဘူး။ ဒါမှမဟုတ် မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။ အသင်းတွေက ခံစစ်အရမ်းတောင့်တင်းပြီး နည်းပြတွေက အရမ်းကောင်းမွန်တယ်လို့ပဲ ပြောကြရအောင်"
"သူတို့တွေ ပွဲစဉ်တိုင်းမှာ တစ်ဖက်အသင်းကို နေရာလွတ်မပေးမိဖို့အတွက် သင်ယူနေကြပါတယ်။ ဒါပေမယ့် တစ်ရာသီမှာ ဂိုး ၄၀ သွင်းဖို့ဆိုတာက ကစားသမားတွေအတွက် ခက်ခဲပါတယ်"
"ဟီဂူအင် အဲဒါကို တစ်ခါလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါက သာမန်မဟုတ်ဘဲ ထူးခြားတဲ့လုပ်ဆောင်မှုတစ်ခုပါ။ အီတလီမှာ ပုံမှန်အားဖြင့် ထိပ်တန်းဂိုးသွင်းရှင်ဆိုတာ ၂၆ ဂိုး ဒါမှမဟုတ် ၂၇ ဂိုးလောက်ပါပဲ။ ပြီးတော့ ပုံမှန်အားဖြင့် အီတလီမှာ ထိပ်တန်းဂိုးသွင်းရှင်ဟာ ဘယ်တော့မှ ဆုဖလားရရှိလေ့မရှိပါဘူး။ အဲဒီတော့ အဲဒါက(ရော်နယ်ဒို ဂိုးမသွင်းတာ)ကျွန်တော်တို့အတွက် ပိုကောင်းတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။