စနေနေ့က ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေအဖွင့်ပွဲကို ကစားခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပွဲစဉ်ကို အီတလီမှာ ရုပ်သံကတဆင့် ကြည့်ရှုခဲ့သူ ဦးရေဟာ စံချိန်တင် များပြားခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင် ၂.၃သန်းအထိ အဆိုပါပွဲစဉ်ကို ကြည့်ရှုခဲ့ကြပြီး Sky Italia ရဲ့ သမိုင်းမှာ စတုတ္ထမြောက် ကြည့်ရှုသူ ဦးရေအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ချီယေဗိုအသင်းကို ဂျူဗင်တပ်စ်က (၃-၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ကြည့်ရှုဖို့ ပရိသတ်တွေဟာ စိတ်ဝင်စားမှုမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ Gazzetta dello Sports ရဲ့ ဖော်ပြချက်အရ လူဦးရေ ၂၃၃၀၂၃၄ ဟာ ထိုပွဲစဉ်ကို ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ် နဲ့ အင်တာမီလန်ပွဲစဉ်များ၊ ၂၀၁၅ သြဂုတ်လအတွင်းက ရိုးမားနဲ့ဂျူဗီတို့ရဲ့ပွဲစဉ်နောက် ကြည့်ရှုသူအများဆုံး ဖြစ်လာခဲ့ပါတယ်။
UEFA အကောင်းဆုံးကစားသမားဆုစာရင်းတွင် မက်ဆီ အဆင့်(၅)သာ ရရှိ
ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းရဲ့ ရာသီအဖွင့်ပွဲကို ကြည့်ရှုသူပရိသတ်ဟာ ပြီးခဲ့တဲ့ ရာသီအဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ ကယ်ဂလီယာရီနဲ့ပွဲစဉ်က ပရိသတ်ဦးရေထက် ၆၈ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို စီးရီးအေကို ခြေချလာပြီးနောက်မှာ စီးရီးအေပွဲစဉ်တွေကို ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနှုန်းဟာ သိသိသာသာများပြားလာခဲ့ပါတယ်။
အသက်အရွယ် ကြီးမြင့်လာပြီဖြစ်ပေမယ့် ရော်နယ်ဒိုဟာ ပရိသတ်တွေရဲ့ စိတ်နှလုံးသားကို ဆွဲဆောင်နိုင်စွမ်း ရှိနေဆဲဖြစ်ပြီး သူ့ရဲ့ အကျိုးသက်ရောက်မှုဟာ စီးရီးအေဘောလုံးလောကကို အတိုင်းအတာတစ်ခုအထိ ပရိသတ်တွေ ပြန်လည်စိတ်ဝင်စားလာစေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ် (ခ) အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ပါဝင်ခဲ့ပြီး ထိုစဉ်က ပွဲစဉ်ကျင်းပရာမြို့လေးဟာ ပရိသတ်အများအပြားနဲ့ ပြည့်လျှံနေခဲ့ပါတယ်။
ဒီအချိန်မှာ ရော်နယ်ဒိုရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ရဲ့ အဖွင့်ပွဲဖြစ်တဲ့ ဂီတာဖေးနဲ့ပွဲစဉ်မှာတော့ ကွင်းအတွင်းပရိသတ်ဦးရေဟာ ထက်ဝက်ခန့်သာ ရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း ပရိသတ်လာရောက်ကြည့်ရှုမှု အနည်းဆုံးပွဲအဖြစ် မှတ်တမ်းဝင်နေခဲ့ပါတယ်။ ဘာနေဗျူး ကွင်းကြီးအတွင်းမှာ ပရိသတ်ဦးရေဟာ ၄၈၄၆၆ သာ ရှိခဲ့တယ်လို့ သိရပါတယ်။