အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုကို ဂျူဗင်တပ်စ်အသင်းက ယူရိုသန်း ၁၀၀အထိ ပေးချေပြီး ခေါ်ယူခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒို အသက် (၂၄)နှစ်အရွယ်မှာ ရီးရဲလ်မက်ဒရစ် ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးထက် ယူရို (၆)သန်း များပြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီဘီလူးကြီးဟာ ရော်နယ်ဒိုအတွက် တစ်နှစ်ကို လုပ်ခလစာ ယူရိုသန်း (၃၀)အထိလည်း ပေးချေနေရပြီ ဖြစ်ပါတယ်။
Photo : Sportskeeda
အသက် (၃၀)ကျော်အရွယ် ကစားသမားတစ်ဦးအတွက် ဂျူဗင်တပ်စ်အသင်းက ဒီလောက်ထိများပြားတဲ့ ငွေကြေးကို သုံးစွဲခဲ့တာဟာ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှု၊ အကောင်းဆုံးပုံစံမှာ ရှိနေခြင်းတို့ကို ပြန်တွက်ချက်မယ်ဆိုရင်တော့ ဒီဈေးနှုန်းပေးချေရတာဟာ ထိုက်တန်တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့မှုအပြီးမှာ ဂျူဗင်တပ်စ်အတွက် သိသိသာသာ အကျိုးဖြစ်ထွန်းခဲ့တဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အချက် (၄)ချက်လည်း ရှိနေပါတယ်။ အဲဒါတွေကတော့။
အက်ဒရီယာနိုရဲ့ ကစားသမားဘ၀ ဘာလို့ပျက်စီးခဲ့ရတာလဲ?
၁။ တစ်ရာသီစာ လက်မှတ်ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း လျှင်မြန်စွာ ကုန်ဆုံးသွားမှု
Photo : Sportskeeda
ရော်နယ်ဒိုဟာ လက်ရှိမှာ စီးရီးအေပွဲ (၂)ပွဲ ကစားပြီး ဖြစ်ပါတယ်။ သွင်းဂိုးတစ်ဂိုးမှ မသွင်းရသေးပေမယ့်လည်း ရော်နယ်ဒိုရဲ့ ခြေစွမ်းဟာ ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်အရ တစ်ရာသီလက်မှတ်အရေအတွက်ဟာ စတင်ရောင်းချတဲ့ ဇူလိုင်လ (၂၀)ရက်နေ့မှာပဲ နာရီအနည်းငယ်အတွင်း ကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။
ပုံမှန်အားဖြင့် တစ်လခန့် ရောင်းချနေရတဲ့ လက်မှတ်စောင်ရေ ၂၅၃၀၀ ကို တခဏအတွင်းမှာ ရောင်းချခဲ့ရပြီး အထူးလက်မှတ်စောင်ရေ ၄၀၀၀ ကိုလည်း ရောင်းချနိုင်ခဲ့တာကြောင့် မျှော်လင့်ထားတာထက် ပိုမိုရောင်းချခဲ့ရတယ်လို့ ဂျူဗင်တပ်စ်အသင်းက ကြေငြာခဲ့ပါတယ်။ လက်မှတ်ဈေးနှုန်း တွေဟာ မူလကထက် (၃၀)ရာခိုင်နှုန်းမြင့်တက်မှုတွေရှိခဲ့ပြီး တချို့သော ပွဲကြည့်စင်နေရာအတွက် လက်မှတ်တွေဟာ (၃၇) ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အားလုံးကို ကုန်စင်အောင် ရောင်းချနိုင်ခဲ့ပါတယ်။
၂။ ၂၄နာရီအတွင်း အသင်းဂျာစီ ယူရို၅၄သန်းဖိုးအထိ ရောင်းချခဲ့ရ
Photo : Sportskeeda
ဒါဟာ ရော်နယ်ဒိုကို ဂျူဗင်တပ်စ်အသင်းခေါ်ယူခဲ့ရတဲ့ တန်ဖိုးရဲ့ ထက်ဝက်ရှိတဲ့ ပမာဏဖြစ်ပါတယ်။ ၂၄နာရီအတွင်းမှာ ဂျူဗင်တပ်စ်အသင်းဂျာစီကို အွန်လိုင်းက မှာယူမှုဟာ ၅သိန်း၂သောင်းကျော်အထိ ရှိခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဂျာစီတစ်ထည်တန်ဖိုးဟာ ယူရို၁၀၅ တန်ဖိုးရှိပြီး စုစုပေါင်း တွက်ချက်လိုက်မယ်ဆိုရင်တော့ ယူရို ၅၄သန်းဖိုးကို ဂျူဗင်တပ်စ်အသင်း ရောင်းချခဲ့ရပြီး အကျိုးအမြတ် အများအပြား ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီငွေကြေးပမာဏအကုန်လုံးကို ဂျူဗင်တပ်စ်က ရရှိမှာမဟုတ်ပဲ အသင်းရဲ့ ဂျာစီကို ထုတ်လုပ်ပေးနေတဲ့ Adidas ကလည်း ရရှိဦးမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်စေကာမူ ဒါဟာ ရော်နယ်ဒိုရဲ့ ပါဝါကြီးမားမှုကို အထင်အရှားမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်း နေမာကို ခေါ်ယူခဲ့စဉ်က ၂၄နာရီအတွင်းမှာ နေမာရဲ့ ဂျာစီဟာ တစ်သောင်းခန့်သာ ရောင်းချခဲ့ရပြီး ပထမတစ်လမှာ ဂျာစီပေါင်း တစ်သိန်းနှစ်သောင်းသာ ရောင်းချခဲ့ရပါတယ်။ ဂျူဗင်တပ်စ်အနေနဲ့ ၂၀၁၆ခုနှစ် တစ်နှစ်လုံးမှာ ဂျာစီ ရှစ်သိန်းခွဲသာ ရောင်းချခဲ့ရပြီး ရော်နယ်ဒိုရဲ့ ဂျာစီကတော့ ၂၄နာရီအတွင်းမှာတင် ငါးသိန်းကျော် ရောင်းချခဲ့ရပါတယ်။
၃။ ရှယ်ယာဈေးနှုန်းများမြင့်တက်လာခြင်း
Photo : Sportskeeda
ဇူလိုင်လအစောပိုင်းတုန်းမှာ ရော်နယ်ဒို ပြောင်းရွှေ့လာမယ်လို့ ကောလဟလသတင်းများ ထွက်ပေါ်နေစဉ်မှာပဲ ဂျူဗီအတွက် အမြတ်ထွက်ခဲ့ပါတယ်။ အဲဒါကတော့ အသင်းရဲ့ ရှယ်ယာတန်ဖိုးတွေ ရုတ်ချည်းမြင့်တက်ခဲ့မှုပါ။ ဇူလိုင် (၅)ရက်နေ့မှာ အသင်းရဲ့ ရှယ်ယာဟာ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းထိ (၃)ရက်အတွင်းမှာ တိုးသွားခဲ့ပါတယ်။ ဇူလိုင် (၁၀)ရက်နေ့မှာတော့ ရော်နယ်ဒိုကို လက်မှတ်ထိုး နိုင်ပြီလို့ ဂျူဗီက ကြေငြာခဲ့အပြီးမှာ အသင်းရဲ့ ရှယ်ဟာတွေဟာ ပိုမိုထိုးတက်သွားခဲ့ပါတယ်။ အစုရှယ်ယာတစ်စုအတွက် ယူရို ဝ.၉၀အထိ အမြင့်ဆုံးအနေအထားကို ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကွင်းတွင်းက ရော်နယ်ဒိုရဲ့ ခြေစွမ်းပါဝင်ခြင်းမရှိသေးပဲနဲ့ကို ဂျူဗီအတွက် အကျိုးဖြစ်ထွန်းခဲ့တာ သက်သက်ဖြစ်ခဲ့ပါတယ်။
၄။ ဆိုရှယ်မီဒီယာကြီးထွားလာမှု
Photo : Sportskeeda
ဒီအချက်ကတော့ ဘဏ္ဍာရေးပိုင်ဆိုင်ရာကို တိုက်ရိုက်အကျိုးဖြစ်ထွန်းမှု မရှိစေပါဘူး။ ဒါပေမယ့်လည်း အသင်းရဲ့ သစ္စာရှိပရိသတ်တွေဟာ ဆိုရှယ်ပေါ်မှာ အင်နဲ့အားနဲ့ ကြီးထွားလာနေပြီးနောက် ဘောလုံးအသင်းတွေဟာ ဆိုရှယ်မီဒီယာကတဆင့် သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း စပွန်ဆာတွေကို ကြော်ငြာလာခဲ့ကြပါတယ်။ ဒါဟာ အသင်းအတွက် ကောင်းမွန်တဲ့ စပွန်ဆာအကျိုးဖြစ်ထွန်းမှုတွေကို သက်ရောက်မှုအားကြီးစေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ သြဇာလွှမ်းမိုးမှုအကြီးမားဆုံး ဘောလုံးသမားတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်အမြောက်အမြားကို ပိင်ဆိုင်ထားပြီး အတိအကျပြောရရင်တော့ ဂျူဗင်တပ်စ်အသင်းရဲ့ တွစ်တာအကောင့်မှာ Follow ပြုလုပ်သူ လေးသိန်းကျော်တိုးပွားခဲ့ပြီး Facebook မှာလည်း ထိုအရေအတွက်နီးပါး တိုးပွားခဲ့ပါတယ်။ အင်စတာဂရမ်မှာဆိုရင်တော့ ၁.၄သန်းအထိ တိုးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်အသင်းအတွက်တော့ ရော်နယ်ဒိုရဲ့ ကွင်းအတွင်းက ခြေစွမ်းမပါပဲနဲ့ကို သိသိသာသာအကျိုးဖြစ်ထွန်းစေခဲ့မှုတွေ ဖြစ်ပါတယ်။
Share