လူပေါင်း သန်း ၂၀၀၀ ကျော် သုံးနေတဲ့ Facebook ဟာ အချက်အလက် အစစ်အမှန်တွေ ထိန်ချန်ထားသလား မေးခွန်းထုတ်စရာပါ။

ဇန်နဝါရီ ၂၄ ရက်နေ့က အာရွန်ဂရင်းစပန်းလို့ခေါ်တဲ့ နည်းပညာစွန့်ဦးလုပ်ငန်းရှင်တစ်ဦးရဲ့ အစီရင်ခံစာကနေ ပေါ်ထွက်လာတာပါ။ ဂရင်းစပန်းဟာ Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်နဲ့ဟားဗတ်မှာ ကျောင်းနေဘက်တစ်ယောက်ဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက သူနဲ့ဇူကာဘတ်ခ်အကြား ကုမ္ပဏီ Trademark ကြောင့် တရားရင်ဆိုင်နေခဲ့သူလည်း ဖြစ်ပါတယ်။
Reality Check လို့နာမည်ပေးထားတဲ့ သူ့စာတမ်းထဲမှာ Facebook ဟာ သုံးစွဲသူဦးရေဆိုင်ရာ အချက်အလက်အမှန်ကို မထုတ်ပြန်ဘူးလို့ဆိုပါတယ်။ စာမျက်နှာ ၇၀ ရှိတဲ့ သုတေသနအစီရင်ခံစာထဲမှာ "Facebook အနေနဲ့သူ့ပလက်ဖောင်းပေါ်မှာရှိတဲ့ အကောင့်တုပြဿနာနဲ့ပတ်သက်ပြီး အများပြည်သူကို လိမ်ညာထားပါတယ်။ အခု အနေအထားနဲ ဆိုရင် ဒီကွန်ရက်ရဲ့ အကောင့် ၅၀ ရာခိုင်နှုန်းကျော်ဟာ အကောင့်တုတွေ ဖြစ်ဖို့ရှိပါတယ်" လို့ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Think Computer ဆော့ဖ်ဝဲလ်ကုမ္ပဏီရဲ့ Founder ဖြစ်သူ ဂရင်းစပန်းဟာ ဒီစစ်တမ်းထုတ်ဖို့အတွက် PlainSite ဆိုတဲ့ တရားဝင် သုတေသနဝက်ဘ်ဆိုက်တစ်ခုကို ထူထောင်ခဲ့တယ်လို့ဆိုပါတယ်။ တကယ်လို့Facebook သာ သူ့ရဲ့ ပလက်ဖောင်းကို လစဉ်သုံးနေတဲ့ လူပမာဏကို လိမ်ခဲ့တယ်ဆိုရင် ဒါဟာ ကြော်ငြာရှင်တွေနဲ့ပြဿနာတက်နိုင်တဲ့ အမှုတစ်ခုလည်း ဖြစ်နေပါတယ်။
ဇူကာဘတ်နဲ့ကျောင်းနေဘက်ဖြစ်ခဲ့သလို ပြိုင်ဘက်လည်း ဖြစ်ခဲ့တဲ့ ဂရင်းစပန်းကတော့ Facebook ဟာ တကယ်မရှိတဲ့ ကြော်ငြာရှင် သန်းရာပေါင်းများစွာ ဖန်တီးပြီး ads တွေ ရောင်းချနေတယ်လို့ပါ စွပ်စွဲထားပါတယ်။ အကောင့်တုတွေဟာ scams တွေ သတင်းတုတွေ စတဲ့ လှည့်ဖျားမှုတွေလုပ်နိုင်တာကြောင့် အန္တရာယ်ရှိရုံတင်မဟုတ်ဘဲ အစိုးရယန္တရားနဲ့အုပ်ချုပ်ရေးအတွက်ပါ ပြဿနာ ရှိနေတယ်လို့သူက ရေးသားထားပါတယ်။
Facebook ဟာ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ အနည်းဆုံး အကောင့်တုပေါင်း သန်း ၂၈၀၀ ကျော်ကို ပယ်ဖျက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ တစ်နည်းအားဖြင့် အကောင့်တုတွေက အမှန်တစ်ကယ် လစဉ်သုံးစွဲသူ active users တွေထက်တောင် များပြားနေပြီး ရှိရှိသမျှ အကောင့်တွေရဲ့ ထက်ဝက်ကျော် ဖြစ်နေတယ်လို့သုံးသပ်ထားပါတယ်။
Photo: CNN
Facebook မှာ သုံးစွဲသူဦးရေ များလာတာနဲ့အမျှ ဒီပလက်ဖောင်းပေါ် ကြော်ငြာကနေ ဝင်ငွေရလာတာကလည်း များသထက် များလာပါတယ်။ Statista ရဲ့ အချက်အလက်များအရ Facebook ရဲ့ ၂၀၁၈ ခုနှစ် ကြော်ငြာဝင်ငွေဟာ ဒေါ်လာ ၃၃.၈ ဘီလျံ အထိ ရှိလာခဲ့တယ်လို့ဆိုပါတယ်။