• Featured

    Foodpanda နဲ့ Xiaomi တို့ပေါင်းပြီး အီလက်ထရွန်းနစ် ပစ္စည်းပို့ဝန်ဆောင်မှု စတင်

အာရှတလွှား အီလက်ထရွန်းနစ်စတိုးဆိုင် ၁၀၀၀ ကျော်ဟာ foodpanda shops ပေါ် ရောက်လာပါတယ်

အာရှတလွှားက အကြီးဆုံး အစားအသောက်နဲ့ ကုန်စည်ပို့ဆောင်ရေးကွန်ရက်ကြီးတစ်ခုဖြစ်တဲ့ Foodpand နဲ့ Xiaomi တို့ဟာ ဗျူဟာမြောက် ပူးပေါင်းမှုတစ်ရပ် လုပ်ဆောင်လိုက်တယ်လို့ ဆိုပါတယ်။ 

စင်ကာပူနဲ့ထိုင်းမှာ ရှိတဲ့ Foodpanda ဆိုင်တွေကနေ လူသုံးကုန်အီလက်ထရွန်းနစ်ပစ္စည်းအသုံးအဆောင်တွေကို အိမ်အရောက်ပို့ဆောင်ဖို့ Xiaomi နဲ့ Foodpanda တို့ မိတ်ဖက်ပြု ပူးပေါင်းလိုက်တာပါ။ Taiwan News သတင်းအရ အာရှ ဈေးကွက် ၁၀ နေရာမှာ ဝင်မယ့် Xiaomi ဖုန်းသစ်တွေမှာ Foodpanda app တစ်ခါတည်း pre-load ထည့်ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ 

image

Photo: taiwannews


အဲ့ဒီအာရှဈေးကွက် ၁၀ ခုစာရင်းကတော့ စင်ကာပူ ၊ ထိုင်း ၊ မလေးရှား ၊ ပါကစ္စတန် ၊ ထိုင်ဝမ် ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊ လာအို ၊ ကမ္ဘောဒီးယားနဲ့ မြန်မာတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ လောလောဆယ်မှာတော့ Xiaomi ထုတ်ကုန်တွေကို စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေက Foodpanda သုံးသူတွေဟာ app ကနေ မှာယူနိုင်မှာ ဖြစ်ပါတယ်။ အမြန်ပို့ မိတ်ဖက်ပြုမှုသစ် (q-commerce) အရ ဝယ်ယူထားတဲ့ ပစ္စည်းတွေကို နာရီဝက်အတွင်း ပို့ဆောင်ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ 

Foodpanda app ထဲက foodpanda shop ကဏ္ဍကနေ မှာနိုင်တဲ့ Xiaomi ထုတ်ကုန်တွေထဲမှာ စမတ်ထုတ်ကုန်တွေ ၊ Audio နဲ့ မိုဘိုင်းအပိုပစ္စည်းတွေအပြင် အိမ်သုံးအီလက်ထရွန်းနစ်ပစ္စည်းတွေအထိ ပါဝင်မယ်လို့ ဆိုပါတယ်။ Xiaomi ရဲ့ q-commerce အစီအစဉ်သစ်ဟာ တရုတ်ပြည်ပဈေးကွက်ရှာဖွေမှု တိုးချဲ့ရေးနဲ့ နောက် ၃ နှစ်အတွင်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်ရေး ရည်မှန်းချက်ကို ပံ့ပိုးပေးသွားမှာပါ။ 

Photo: straitstimes


Foodpanda ဟာ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် Delivery Hero ကုမ္ပဏီပိုင် အစားအသောက်ပို့ဆောင်ရေး ပလက်ဖောင်းတစ်ခု ဖြစ်ပြီး အစားအသောက်အပြင် လူသုံးကုန်အီလက်ထရွန်းနစ် ပို့ဆောင်ရေးပါ လုပ်ဆောင်လာနေပါတယ်။ ဒီနှစ်ထဲမှာ အာရှတလွှား အီလက်ထရွန်းနစ်စတိုးဆိုင် ၁၀၀၀ ကျော်ဟာ foodpanda shops ပေါ် ရောက်လာပြီး Huawei ၊ Asus ၊ TP Link ၊ Remax ၊ Philips ၊ ecHome ၊ e-life Mall နဲ့ Logitech တို့လို brands တွေဆီက ထုတ်ကုန်ပေါင်း ၂၈၉၀၀၀ ကျော် ရောင်းချနေတယ်လို့ ဆိုပါတယ်။ 

၂၀၂၀ ပြည့်နှစ်ကထက်စာရင် foodpanda shops ပေါ်ကနေ ကွန်ပျူတာနဲ့ မိုဘိုင်းပစ္စည်း အော်ဒါမှာယူမှုဟာ ၁၈ ဆ တိုးလာတယ်လို့ Frost & Sullivan ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Xiaomi နဲ့ မိတ်ဖက်ပြုပူးပေါင်းထားတဲ့ q-commerce အစီအစဉ်ကြောင့် foodpanda shops မှာ အီလက်ထရွန်းနစ်ပစ္စည်းဝယ်လိုအား ပိုပြီး မြင့်တက်လာဖို့လည်း ရှိပါတယ်။

Share

Loading Next Article...
က္က