မနေ့ညက ကစားခဲ့တဲ့ လိုင်ယွန်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ မက်ဆီက အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန်အစောပိုင်းမှာတင် မက်ဆီက သူကိုယ်တိုင် ကစားကွက်စတင်လာပြီး ရလာတဲ့ ဘောလုံးကို နေမာရဲ့ ဖန်တီးပေးမှုကတဆင့် အမှားအယွင်းမရှိဘဲ အဆုံးသတ်ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ လက်ရှိရာသီ ပြင်သစ်လီဂူးပွဲစဥ် (၈) ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၄) ဂိုးနဲ့ ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရာသီကထက် အများကြီး ပြန်လည်တိုးတက်လာတဲ့ မှတ်တမ်းကောင်းတွေလည်းဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ လိုင်ယွန်နဲ့ပွဲအတွက် အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒါဟာ မက်ဆီအတွက် နောက်ဆုံးလေးပွဲဆက်တိုက် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရာသီမှာ မက်ဆီက အသင်းအတွက် သူကိုယ်တိုင်ဂိုးသွင်းဖို့ထက် နေမာ၊ အမ်ဘာပေတို့ ဂိုးရရှိဖို့အတွက်ကိုသာ ပိုမိုဦးစားပေးဖန်တီးနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ နေမာ၊ အမ်ဘာပေတို့ရဲ့နောက် Playmaker ဆန်ဆန် ကစားနေတဲ့ မက်ဆီက သူ့ရဲ့ အကောင်းဆုံးအချိန်တွေကို ပြန်လည်ပိုင်ဆိုင်နေပြီလို့လည်း ပရိသတ်တွေက မှတ်ချက်ပြုနေပါတယ်။
ဒါ့အပြင် လိုင်ယွန်နဲ့ပွဲမှာလည်း မက်ဆီက ပြိုင်ဘက် ကွင်းလယ်နဲ့ နောက်တန်းကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဘောလုံးအမြင်၊ မွှေနှောက်ထိုးဖောက်မှု၊ ပေးပို့မှုတွေက လိုင်ယန်ကို တော်တော်လေး အခက်တွေ့စေခဲ့တာဖြစ်ပါတယ်။ ရသွားတဲ့ဂိုးမှာလည်း ပြိုင်ဘက်ကစားသမားတယောက်ကို လိမ်ခေါက်ပြီး နောက်ထပ်နှစ်ယောက် တားဆီးနေတဲ့ကြားက နေမာဆီ ရောက်အောင် ပေးခဲ့ပါတယ်။
အဲ့ဒီနောက် အဆုံးသတ်ကန်သွင်းဖို့အတွက် ချိန်သားကိုက် နေရာယူခဲ့ပြီး နေမာ ဖန်တီးပေးလိုက်ချိန်မှာတော့ မက်ဆီက တလုံးတည်းသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ ဒါ့အပြင် ဒီပွဲမှာ မက်ဆီရဲ့ စွမ်းဆောင်ရည်ကို သီးသန့်ဖော်ပြထားတဲ့ ဗီဒီယိုကလည်း ပရိသတ်တွေအကြား ရေပန်းစားနေပြီး မက်ဆီက သူ့ကိုယ်သူ GOAT တယောက်ဖြစ်ကြောင်း ပြန်လည်သက်သေပြနေပြီလို့ ဆိုနေကြပါတယ်။