အက်သလက်တီကိုမှာ ဆွာရက်ဇ် ပွဲထွက်ကစားသမားစာရင်းမှာ မပါတာကလွဲရင် နှစ်သင်းလုံးက ဒီပွဲကို အင်ပြည့်အားပြည့် ပွဲထွက်လာခဲ့ပါတယ်။ အက်သလက်တီကိုတိုက်စစ်မှာ ဂရစ်ဇ်မန်းနဲ့ယာအိုဖီးလစ် ပွဲထွက်လာခဲ့သလို လီဗာပူးကလည်း ဝက်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲက မာနေး၊ ဆာလာ၊ ဖေမီနိုတို့ကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။

ပွဲစတာနဲ့ လီဗာပူးက တိုက်စစ်ဆင်ခဲ့ပြီး အက်သလက်တီကိုကတော့ သူတို့ရဲ့ပုံစံအတိုင်း ခံစစ်ကို အဓိကအသားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုနောက်တန်းက အထနှေးခဲ့ပြီး (၁၂) မိနစ်မပြည့်ခင်မှာတင် နှစ်ဂိုးဆက်တိုက်ပေးလိုက်ရပါတယ်။

ဆာလာရဲ့ တစ်ကိုယ်တော်ထိုးဖောက်ကန်သွင်းချက် မီလ်နာနဲ့ထိ လမ်းကြောင်းပြောင်းဝင်ခဲ့သလို အက်သလက်တီကိုနောက်တန်းက ရှင်းထုတ်ပုံမပီပြင်တာကတစ်ဆင့် နာဘီကီတာက ဧရိယာအပြင်ကနေ လှလှပပကန်သွင်းသွားခဲ့ပါတယ်။
ပွဲကစားချိန် (၁၉) မိနစ်မှာတော့ ကိုကီရဲ့ကန်ချက်ကတစ်ဆင့် အက်သလက်တီကိုအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဂရစ်ဇ်မန်း အပိုင်အခွင့်အရေးတစ်ကြိမ်ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် အက်သလက်တီကိုတို့ နစ်နာခဲ့ရပါတယ်။
ဒါပေမယ့် (၃၃) မိနစ်မှာတော့ ယာအိုဖီးလစ်ရဲ့ အကောင်းဆုံး ဖန်တီးပေးမှုကတစ်ဆင့် ဂရစ်ဇ်မန်းက လီဗာပူးနောက်တန်းကို ဖောက်ထွက်ပြီး အပိုင်အဆုံးသတ်နိုင်ခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီသရေဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ လီဗာပူးနောက်တန်းကလည်း လျော့တိလျော့ရဲကစားတာတွေရှိပြီး အက်သလက်တီကိုရဲ့ တိုက်စစ်ကို တော်တော်လေး ထိန်းခဲ့ရပါတယ်။ ဒုတိယပိုင်းအစမှာတော့ မထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အက်သလက်တီကိုအတွက် နှစ်ဂိုးသွင်းထားတဲ့ ဂရစ်ဇ်မန်း လေထဲကဘောလုံးကိုယှဥ်လုရင်း ဖေမီနိုရဲ့ခေါင်းကို ခြေထောက်နဲ့ကန်မိလို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
တစ်ယောက်အသာရသွားတဲ့ လီဗာပူးတို့ အနိုင်ဂိုးရဖို့ ဆက်တိုက်ကြိုးစားခဲ့ပေမယ့် အက်သလက်တီကိုကလည်း သူတို့အားသန်တဲ့ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်တည်ဆောက်ပြီး လီဗာပူးကို တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၇၇) မိနစ်မှာတော့ လီဗာပူးတို့ ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကို ဆာလာက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာကြောင့် လီဗာပူးတို့ အနိုင်ဂိုးရခဲ့ပါတယ်။
ချက်ချင်းဆိုသလိုပဲ လီဗာပူးတို့ ပင်နယ်တီပြန်ပေးခဲ့ရမလိုဖြစ်ခဲ့ပေမယ့် ဒီပင်နယ်တီကိုတော့ VAR နဲ့ ပယ်ဖျက်ခဲ့တာကြောင့် လီဗာပူးတို့ ကံကောင်းခဲ့သလို အက်သလက်တီကိုအတွက်တော့ ကံဆိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လီဗာပူးတို့ အနိုင်ကိုထိန်းကစားခဲ့ပြီး ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားပြီလည်းဖြစ်ပါတယ်။