ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်တဲ့ တင်မ်ကွတ်ဟာ ဘီလျံနာတစ်ဦးအဖြစ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
တင်မ်ကွတ်ဟာ ဒေါ်လာ ၁ ဘီလျံကျော် ပိုင်ဆိုင်တဲ့ ဘီလျံနာ CEO တစ်ယောက် ဖြစ်လာပြီလို့ Bloomberg Billionaires စာရင်းမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ သူပိုင်ဆိုင်ထားတဲ့ Apple ရှယ်ယာထဲမှ ၀.၀၂% ခန့် (ရှယ်ယာဝေစု ၈၄၇၉၆၉ခု) ဟာ ဒေါ်လာ၃၇၅ သန်းတန်ပြီး တစ်ခြားခံစားခွင့်တွေကနေ ရတဲ့ ဒေါ်လာသန်း ၆၅၀ နဲ့ ဆိုရင် ဘီလျံနာအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Photo fortune
၂၀၁၁ မှာ တင်မ်ကွတ်ဟာ Apple တည်ထောင်ခဲ့သူနဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း စတိဗ်ဂျော့စ်နေရာမှာ စတင် တာဝန်ယူခဲ့တာပါ။ သူ့လက်ထက်မှာ ကုမ္ပဏီရဲ့ ဝင်ငွေနဲ့ အမြတ်အစွန်းဟာ ဆတိုးနဲ့ တိုးတက်လာခဲ့ပါတယ်။ ဩဂုတ်လဆန်ပိုင်းကစပြီး Apple ရဲ့ ရှယ်ယာဈေးကလည်း ၅% နီးပါး အတက်ပြနေခဲ့ပါတယ်။
တစ်ခြားနည်းပညာ CEO ဘီလျံနာတွေနဲ့ မတူတာက တင်မ်ကွတ်ဟာ Apple ကို တည်ထောင်ခဲ့သူတစ်ဦး မဟုတ်ခြင်းပဲ ဖြစ်ပါတယ်။ အမေရိကန်ထိပ်သီးနည်းပညာကုမ္ပဏီကြီးတွေကို ဦးဆောင်နေတဲ့ CEO တစ်ချို့ဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာအဖြစ် ရပ်တည်နေပါတယ်။ Amazon တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့စ်ဟာ ဒေါ်လာ ၁၈၇ ဘီလျံ ချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးလည်း ဖြစ်ပါတယ်။
Photo: wccftech
ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ Microsoft အမှုဆောင်အရာရှိချုပ်ဟောင်း ဘီလ်ဂိတ်စ်ဖြစ်ပြီး ဒေါ်လာ ၁၂၁ ဘီလျံ ချမ်းသာပါတယ်။ အသက် ၃၆ နှစ်အရွယ် Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၂ ဘီလျံ ရှိနေပါတယ်။
တတိယသုံးလပတ်အတွင်း Apple ဟာ ဝင်ငွေ ဒေါ်လာ၅၉.၇ ဘီလျံ ဝင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၁% ဝင်ငွေ ပိုမြင့်တက်ခဲ့တာပါ။ ကူပါတီနိုအခြေစိုက်တဲ့ ဒီကုမ္ပဏီဟာ စတိဗ်ဂျော့စ်ကွယ်လွန်ချိန်မှာ ဒေါ်လာ ၃၅၀ ဘီလျံ ရှိရာကနေ လက်ရှိမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၉၃ ထရီလီယံအထိ တဟုန်းထိုး မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။