အိန္ဒိယအစိုးရဟာ အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေကို ယှဉ်ဖိုက်ဖို့ နောက်ထပ်ခြေတစ်လှမ်း လှမ်းဖို့ ပြင်နေပြီ ဖြစ်ပါတယ်။
အိန္ဒိယလျှပ်စစ်နဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MeitY)ရဲ့ ကြေညာချက်ထဲမှာ အစိုးရအဖွဲ့ဟာ iOS နဲ့ Android တို့ကို ယှဉ်ပြိုင်မယ့် ကိုယ်ပိုင်မိုဘိုင်းလ် Operating System တစ်ခု ဖန်တီးမယ့် အစီအစဉ် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။ တနင်္လာနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ လျှပ်စစ်နဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီး ချန်ဒရာဆက်ခ်ဟားက ပြည်တွင်းဖြစ် မိုဘိုင်းလ် OS တစ်ခု ဖန်တီးဖို့ နည်းပညာအသိုင်းအဝိုင်းကို အားပေးတိုက်တွန်းကြောင်း ပြောထားပါတယ်။
Photo: analyticsindiamag
လက်ရှိ မိုဘိုင်းလ် Operating System လောကမှာ Google ရဲ့ Android နဲ့ Apple ထုတ် iOS တို့ ကြီးစိုးထားပြီး Hardware Ecosystem ကိုလည်း ဒီ OS နှစ်မျိုးကပဲ မောင်းနှင်နေကြတယ်လို့ ဝန်ကြီးက ပြောပါတယ်။
“တတိယ OS က မရှိဘူးလေ။ ဒါကြောင့် MeitY နဲ့ အိန္ဒိယအစိုးရတို့အကြား မိုဘိုင်း Operating System သစ်တစ်ခု ဖန်တီးဖို့ အကြီးအကျယ် စိတ်ဝင်စားမှု ရှိနေပါတယ်။ လူတွေနဲ့လည်း ပြောထားတာတွေ ရှိပါတယ်။ ဒီအတွက် မူဝါဒတစ်ခု လုပ်ဖို့ ကြည့်နေပါတယ်။” လို့ ချန်ဒရာဆက်ခ်ဟားက ဆိုပါတယ်။
အစိုးရအဖွဲ့ဟာ ပြည်တွင်းဖြစ် Operating System တစ်ခု ဖွံ့ဖြိုးရေးအတွက် Startup တွေနဲ့ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေအတွင်း စွမ်းဆောင်ရည်ကို မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။ လက်ရှိမှာ အသေးစိတ် ဆွေးနွေးမှုတွေအနေနဲ့ ပရောဂျက်ဆိုင်ရာ တိကျရှင်းလင်းတဲ့ ရည်မှန်းချက်တွေပေါ် အာရုံစိုက်နေကြတယ်လို့ ဆိုပါတယ်။
Photo: MacRumors
ဒီပရောဂျက်ဟာ ဝန်ကြီးချူပ် နာရန်ဒရာမိုဒီရဲ့ နည်းပညာကဏ္ဍနဲ့ ထုတ်ကုန်နယ်ပယ်အလိုက် ပြည်တွင်းကနေ ဦးဆောင်သူတွေ ပေါ်ထွက်လာရေးအစီအစဉ်နဲ့လည်း အံကျဖြစ်နေပါတယ်။ အိန္ဒိယအစိုးရဟာ ၂၀၂၆ ခုနှစ်မှာ နိုင်ငံအတွင်း အီလက်ထရွန်းနစ် ထုတ်လုပ်မှုတန်ဖိုး ဒေါ်လာဘီလျံ ၃၀၀ အထိ ရနိုင်ဖို့ ရည်မှန်းချက်ချထားပြီး လက်ရှိမှာတော့ ဒေါ်လာ ၇၅ ဘီလျံဖိုး ထုတ်လုပ်နေတာပါ။
နိုင်ငံအနေနဲ့ လက်ရှိမှာ အီလက်ထရွန်းနစ် တင်ပို့ကုန်တွေကနေ ဒေါ်လာ ၁၅ ဘီလျံရထားပြီး နောက် ၄ နှစ်မှာ ဒေါ်လာဘီလျံ ၁၂၀ ဖိုး ရဖို့လည်း မျှော်လင့်ထားပါတယ်။ အိန္ဒိယဟာ Apple ရဲ့ အဓိက ဈေးကွက်တစ်ခုဖြစ်ပြီး Apple ကလည်း အိန္ဒိယမှာ ထုတ်လုပ်မှု ဖြည်းဖြည်းချင်း တိုးမြှင့်လာနေပါတယ်။ အိန္ဒိယဈေးကွက်ထဲ ရောင်းချနေတဲ့ iPhone အားလုံးရဲ့ ၇၀% ဟာ အိန္ဒိယမှာပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။