iPhone ရဲ့ နှစ်အလိုက် ရောင်းအား ၁၅% အထိ ကျဆင်းသွားပြီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်ကတော့ iPhone တွေ အဝယ်လိုက်စေဖို့နည်းလမ်းသစ်ကို စဉ်းစားနေတယ်လို့ဆိုပါတယ်။

Photo: 9to5mac
Reuters နဲ့တွေ့ဆုံခန်းတစ်ခုမှာ တင်မ်ကွတ်အနေနဲ့ဈေးကွက်ပေါ်လိုက်ပြီး iPhone ဈေးတွေကို လျှော့ချသွားဖို့ရှိတယ်လို့ပြောခဲ့တာပါ။ တင်မ်ကွတ်ဟာ iPhone တွေ ဈေး မြင့်လာရခြင်းထဲမှာ ငွေကြေးစနစ် အတက်အကျမမှန်တာကိုလည်း အကြောင်းအရင်းတစ်ခုအနေနဲ့ထည့်သွင်းသုံးသပ်ထားပါတယ်။
"နိုင်ငံခြား ငွေကြေးတွေတစ်ချက် ကြည့်လိုက်မယ်ဆိုရင် အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက ငွေကြေးတန်ဖိုးကျဆင်းခဲ့တဲ့ ဈေးကွက်တွေမှာ iPhone ဈေးက သိသိသာသာကြီး မြင့်နေခဲ့တာပါ" လို့သူက Reuters ကို ပြောပါတယ်။ " အခု ဇန်နဝါရီလထဲ ရောက်လာပြီတော့ ဒီလိုဈေးကွက်တွေရဲ့ စီးပွားရေးအနေအထားကို ကျွန်တော်တို့ပြန် သုံးသပ်ကြပါတယ်။ ဒီကနေ အဲဒီဈေးကွက်တွေထဲမှာ ရောင်းအားတက်လာစေဖို့ကျွန်တော်တို့အရင်နှစ်က ဒေသတွင်း prices နဲ့ဈေးချင်းတူအောင် ထိန်းဖို့ဆုံးဖြတ်ထားပါတယ်"
၂၀၁၉ နှစ်ဆန်းပိုင်းက ကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံသူတွေဆီ ပေးပို့တဲ့ စာမှာ ဒေါ်လာ ဈေးမာမှုကလည်း ကမ္ဘာ့ဈေးကွက်မှာ iPhone ကို ပိုပြီး ဈေးမြင့်စေခဲ့တယ်လို့ တင်မ်ကွတ်က ဖော်ပြထားပါတယ်။ ဥပမာအနေနဲ့တူရကီလိုင်ရာ ငွေကြေးဟာ ပြီးခဲ့တဲ့နှစ်မှာ ၃၃% အထိ တန်ဖိုးကျဆင်းခဲ့ပြီးနောက် အဲဒီက iPhone ဝင်ငွေကလည်း ဒီအရင်နှစ်ကထက် ဒေါ်လာ သန်း ၇၀၀ နီးပါး ကျဆင်းသွားခဲ့တယ်လို့ဆိုပါတယ်။
Photo: thenypost
iPhone သစ်ရောင်းအားကျတဲ့ နောက်ထပ် အကြောင်းအရင်းကတော့ အမာခံဈေးကွက်ကြီး ဖြစ်တဲ့ Greater China (ဟောင်ကောင် ၊ ထိုင်ဝမ် ၊ တရုတ်) ဘက်မှ အဝယ်မလိုက်မှုလည်း ပါဝင်သလို ကန်ဒေါ်လာဈေးတက်မှု ၊ iPhone ဝင်ရောက်ရာ ဈေးကွက်တစ်ချို့စီးပွားရေးကျဆင်းမှုတွေလည်း ပါဝင်တယ်လို့တင်မ်ကွတ်ကဆိုပါတယ်။ Apple ဟာ ၂၀၁၈ စတုတ္ထ ၃ လပတ်အတွင်း iPhone အလုံးရေ ၆၅.၉ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ရောင်းအား ၁၅% ကျဆင်းခဲ့တယ်လို့Strategy Analytics ရဲ့ အချက်အလက်များက ဖော်ပြထားပါတယ်။
၂၀၁၉ မှာ ဈေးကွက်ဗျူဟာအနေနဲ့Apple ဟာ iPhone ရောင်းအားကို ကန်ဒေါ်လာဈေးပေါ်ပဲ အခြေမပြုတော့ဘဲ ဆိုင်ရာ ဈေးကွက်အလိုက် ငွေကြေးစနစ်ကို ကြည့်ပြီး တန်ဖိုး သတ်မှတ်သွားမယ့်သဘောပါ။ လောလောဆယ်မှာတော့ iPhone ဈေးတွေကို ဘယ်လောက်အထိ လျှော့ချသွားမယ် ၊ ဘယ်နိုင်ငံမှာ ဘယ်ဈေးနဲ့ဝင်မယ်ဆိုတာ မသိရသေးပါဘူး။