iPhone XS စီးရီး ရောင်းအားမကောင်းရတဲ့ အကြောင်းတွေထဲမှာ ဘက်ထရီဟောင်းကို ဈေးချထားတဲ့ ဘက်ထရီသစ်နဲ့လဲပေးတာကလည်း တစ်ခု အပါအဝင်ပါ။

Photo: BGR
Apple ရဲ့ CEO တင်မ်ကွတ်ကနေ ဝန်ထမ်းတွေနဲ့ရင်းနှီးမြှပ်နှံသူတွေကို ပေးပို့တဲ့ စာထဲမှာ ၂၀၁၈ နှစ်အတွင်း iPhone ပေါင်း ၁၁ သန်း ဘက်ထရီ အသစ်ပြန်လဲကြတယ်လို့ဆိုပါတယ်။ တကယ့်ပုံမှန် ဘက်ထရီလဲတဲ့ ဖုန်းအရေအတွက်က ပုံမှန်မှ ၁ သန်းကနေ အများဆုံးမှ ၂ သန်းပဲ ရှိတာပါ။
ဘက်ထရီသက်တမ်းကြာ iPhone မော်ဒယ်ဟောင်းတွေ performance လျှော့ချထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် Apple ဟာ iPhone သုံးစွဲသူတွေအတွက် အခွင့်အရေးတစ်ခုအဖြစ် ဘက်ထရီသစ်ဈေးလျှော့ပေးပြီး လဲပေးခဲ့ပါတယ်။ နဂိုက ၇၉ ဒေါ်လာတန်တဲ့ iPhone ဘက်ထရီတစ်လုံးကို ၂၉ ဒေါ်လာနဲ့ရောင်းပြီး ဘက်ထရီလဲပေးခဲ့တာပါ။
iPhone မော်ဒယ်ဟောင်းတွေမှာ ဘက်ထရီသစ်လဲလိုက်တာနဲ့performance ပြန်တက်ပြီး သုံးရသွက်လာမှာ ဖြစ်လို့ဘက်ထရီသစ်လဲထားတဲ့ iPhone ပိုင်ရှင်တွေဟာ iPhone XS/XS Max လို တန်ဖိုးကြီးမော်ဒယ်တွေ ဝယ်ကိုင်ဖို့စိတ်ဝင်စားမှု နည်းသွားခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ iPhone ဘက်ထရီလဲပေးတဲ့ ကိစ္စဟာ စက်တင်ဘာမှာ ပုံမှန်မိတ်ဆက်နေကျ iPhone သစ်တွေရဲ့ ရောင်းအားကို အကြီးအကျယ် ထိခိုက်ခဲ့တာပါ။
Apple အနေနဲ့iPhone အလုံးရေ ဘယ်လောက်အထိ ရောင်းချနိုင်ခဲ့သလဲဆိုတဲ့ အချက်ကို မထုတ်ပြန်ဘဲ သုံးလပတ်ဝင်ငွေ စာရင်းပဲ ထုတ်ပြန်တော့မှာ ဖြစ်လို့iPhone XR, iPhone XS နဲ့iPhone XS Max ရောင်းအား ဘယ်လောက် ရှိခဲ့သလဲ မသိရပါဘူး။ သိသာတဲ့ အချက်တစ်ခုက Apple ဟာ အစောပိုင်းက ဝင်ငွေ ဒေါ်လာ ၉၃ ဘီလျံအထိ မျှော်မှန်းထားပေမယ့် တကယ်တမ်းတော့ ၈၄ ဘီလျံပဲ ရခဲ့တာပါ။
ဒေါ်လာ ၉ ဘီလျံခန့်ရောင်းအား လက်လွတ်ခဲ့ရတဲ့ တန်ဖိုးကြီး iPhone XS / XS Max ခရစ္စမတ် အားလပ်ရက်ရောင်းအား ထိခိုက်ပြီးနောက် Apple ဟာ အဓိကဈေးကွက်တွေ ဖြစ်တဲ့ တရုတ် ၊ ဂျပန် ၊ ဥရောပနဲ့အမေရိကန်တို့မှာ iPhone ရောင်းအားတက်စေဖို့ခြေလှမ်းပြောင်းလာခဲ့ပါတယ်။
Photo: Mashable
တရုတ်ဈေးကွက်မှာ iPhone လက်လီဈေး လျှော့ချပေးထားသလို တစ်ချို့ဈေးကွက်တွေမှာတော့ iPhone အဟောင်းနဲ့iPhone XR/XS သစ်များကို အကန့်အသတ်နဲ့အလိုက်ပေး လဲလှယ်မှု အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။