ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက သူ့အသင်းအနေနဲ့ ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားနေသည့်တိုင် ဘိုင်ယန်မြူးနစ်ကို လျှော့တွက်မှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့နေတာပါ။

ရီးရဲလ်မက်ဒရစ်က ဒီနေ့ညမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ ဒီလိုမျိုး နှစ်သင်း ထိပ်တိုက်တွေ့နေချိန်မှာ ဒီရာသီ ဘိုင်ယန်မြူးနစ်ရဲ့ အခြေအနေဆိုးတွေကြောင့် ရီးရဲလ်မက်ဒရစ်က ပိုမိုရေပန်းစားနေတာပါ။

ဒါပေမယ့်လည်း အန်ဆယ်လော့တီက “အရည်အချင်းအများကြီးရှိတဲ့ အသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ကစားဖို့ ကျွန်တော်တို့က ပြင်ဆင်နေရတာပါ။ ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသလို ဘိုင်ယန်မြူးနစ်ကိုလည်း လေးစားပါတယ်။ သူတို့က ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ အခြေအနေမကောင်းခဲ့ပါဘူး”
“ဒါပေမယ့် အာဆင်နယ်နဲ့ ကစားခဲ့တဲ့ နှစ်ကျော့စလုံးမှာတော့ တော်တော်လေး ပုံစံကောင်းပြခဲ့ပါတယ်။ ဒါက သူတို့အသင်းရဲ့ အရည်အချင်းကို သက်သေပြနေပါတယ်။ သူတို့က အကူးအပြောင်းတွေမှာ သန်မာတယ်၊ မတူညီတဲ့ ကစားပုံတွေနဲ့ ကစားနိုင်ပြီး အရမ်းကို အန္တရာယ်ရှိပါတယ်။ ကျွန်တော်တို့ အာရုံစိုက်ပြီး ဗိုလ်လုပွဲရောက်အောင် ကစားရပါမယ်”
“ဒါက ကျွန်တော်တို့ရဲ့ ပစ်မှတ်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ လာလီဂါမှာလည်း ချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေပြီး ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။