ဒီနှစ်အတွင်း ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဟာ ၂.၃% ကျဆင်းသွားဖို့ ရှိတယ်လို့ IDC သုတေသနကုမ္ပဏီက ဆိုပါတယ်။
IDC ရဲ့ အဆိုအရ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုဟာ ၁.၃ ဘီလျံကျော် ရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။ COVID-19 လို့ ခေါ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ စမတ်ဖုန်းဈေးကွက်ကိုလည်း ထိခိုက်လာနေပြီး ၂၀၂၀ ပထမနှစ်ဝက်အတွင်း နှစ်အလိုက် စမတ်ဖုန်းရောင်းအားကျဆင်းမှုဟာ ၁၀.၆% ရှိလာမယ်လို့ IDC က ခန့်မှန်းပါတယ်။

Photo: straitstimes
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း စမတ်ဖုန်းတင်ပို့မှု အထိနာခြင်းကလည်း မြင်သာနေပါတယ်။ တရုတ် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာအကယ်ဒမီ (CAICT) ကနေ ထုတ်ပြန်တဲ့ အစီအရင်ခံစာအရ ဇန်နဝါရီလအတွင်း စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၃၈.၉% ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
" တရုတ်လို ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်သာ အကြီးအကျယ် အထိနာမယ်ဆိုရင် တစ်ခြား အရေးပါတဲ့ ဈေးကွက်တွေ ရဲ့ Supply Chain တင်ပို့ထုတ်လုပ်မှုလည်း ထိခိုက်လာပါလိမ့်မယ်" လို့ IDC ရဲ့ ကမ္ဘာ့ မိုဘိုင်းထုတ်ကုန် စောင့်ကြည့်ရေးဌာန အကြီးတန်း သုတေသနပညာရှင် ဆန်ဂီတီကာ ဆရီဗက်စတြားက ဆိုပါတယ်။
ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံမှာ စမတ်ဖုန်းအလုံးရေ စုစုပေါင်း၂၀.၈၁ သန်း တင်ပို့ရောင်းချခဲ့ပြီး ဒီထဲက အလုံးရေ ၅.၄၆ သန်းဟာ 5G ဖုန်းတွေ ဖြစ်နေပါတယ်။၂၀၂၁ ခုနှစ်မှာတော့ 5G ထုတ်ကုန်တွေ ရောင်းအားမြင့်တက်လာမှုနဲ့အတူ ကမ္ဘာ့စမတ်ဖုန်း တင်ပို့မှုလည်း ပြန်တက်လာဖို့ ရှိတယ်လို့ IDC က ဆိုပါတယ်။
Photo: Tech Crunch
ကူးစက်မှု မြင့်မားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံများ ပိတ်သိမ်းခြင်း ၊ အပြင်မထွက်ရ အမိန့်ထုတ်ထားခြင်းနဲ့ ခရီးသွားကန့်သတ်ခြင်းတွေဟာ ထုတ်ကုန် ထုတ်လုပ်ဖြန့်ချိမှုပိုင်းမှာ အခက်အခဲ ဖြစ်လာစေတယ်လို့လည်း ဆရီဗက်စတြားက ဆိုပါတယ်။ တတိယသုံးလပတ်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး ပိုမိုအားကောင်းလာသလို 5G ထုတ်ကုန်တွေ ဝယ်လိုအားတက်လာပြီး အခြေအနေ ပိုကောင်းလာမယ်လို့လည်း မျှော်လင့်ထားပါတယ်။
SARS-CoV-2 လို့ခေါ်တဲ့ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီဇင်ဘာလထဲမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့ပြီး လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈ သောင်း ၃ ထောင်ကျော်နဲ့ သေဆုံးသူ ၂၈၀၀ ကျော် ရှိလာနေပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့ကျလာနေပေမယ့် အီတလီ ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ ရောဂါကူးစက်မှု မြင့်တက်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။