မနေ့ညက ကစားခဲ့တဲ့ ဆီနီဂေါနဲ့အီဂျစ်တို့ရဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်မှာ ဆီနီဂေါက အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ကမ္ဘာ့ဖလားဝင်ရောက်ခွင့်ရရှိခဲ့ပါတယ်။ နှစ်ကျော့ ကစားခဲ့ရတဲ့ ဒီပွဲရဲ့ ပထမအကျော့မှာ အီဂျစ်တို့ အိမ်ကွင်းမှာ ဆီနီဂေါကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒုတိယအကျော့မှာတော့ ဆီနီဂေါက ၁-၀ ဂိုးနဲ့ ပြန်လည်အနိုင်ရရှိကာ နှစ်ကျော့ပေါင်း သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အချိန်ပို၊ ပင်နယ်တီအထိ အဆုံးအဖြတ်ခံယူခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဆီနီဂေါက အီဂျစ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆီနီဂေါဟာ အီဂျစ်ကို အာဖရိကဖလားဗိုလ်လုပွဲမှာလည်း ပင်နယ်တီအဆုံးအဖြတ်နဲ့ ပူပူနွေးနွေး အနိုင်ရ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ အခုတခါမှာလည်း ဆာလာရဲ့ ပင်နယ်တီမိုးပေါ်ထောင်ကန်မှုနဲ့အတူ အီဂျစ်တို့ ဆီနီဂေါကို ရှုံးနိမ့်ကာ ကာတာကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။
ဆီနီဂေါအတွက် နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ်ကို ဆာလာရဲ့ လီဗာပူးအသင်းဖော်ပဲဖြစ်တဲ့ မာနေး ဝင်အောင် ကန်သွင်းခဲ့ပြီးနောက် ဆီနီဂေါပရိသတ်တွေက ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့ကြပါတယ်။ ဒီလိုမျိုး အောင်ပွဲခံတဲ့နေရာမှာ ဆာလာကို ရန်ပြုအနှောင့်အယှက်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။
အဲ့ဒါကြောင့်ပဲ ဆာလာကို သီးသန့်လုံခြုံရေးပေးကာ ကွင်းအတွင်းက ခေါ်ထုတ်ခဲ့ရပြီး အဝတ်လဲခန်းထဲသွားရာ ဥမင်လှိုဏ်ခေါင်းထဲ ဝင်ခါနီးမှာလည်း ဆီနီဂေါပရိသတ်တွေက ဆာလာကို အရာဝတ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဆာလာကို အနည်းဆုံးလုံခြုံရေး (၃) ယောက်လောက်က ကာကွယ်ပေးခဲ့ရပါတယ်။
ပင်နယ်တီအဆုံးအဖြတ်အဖြစ် ဆာလာ ပင်နယ်တီမကန်ခင်မှာလည်း ဆီနီဂေါပရိသတ်တွေက ဆာလာရဲ့မျက်နှာကို လေဆာတွေနဲ့ ဝိုင်းထိုးခဲ့ကြသလို ပွဲချိန်တလျှောက်လုံးမှာလည်း အီဂျစ်ကစားသမားတွေဟာ ဆီနီဂေါပရိသတ်တွေရဲ့ လေဆာနဲ့ နှောင့်ယှက်မှုဒဏ်တွေကို ခံစားခဲ့ရပါတယ်။