• မာနေးတို့ကို အနိုင်ယူဖို့ အရာအားလုံးလုပ်သွားမယ်လို့ ဆာလာသတိပေး

ဆာလာနဲ့မာနေးတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်မှာ ထိပ်တိုက်တွေ့နေတာပါ။

(၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ အာဖရိကဇုန် ပလေးအော့ဖ်မှာတော့ ဆာလာရဲ့အီဂျစ်နဲ့ မာနေးရဲ့ ဆီနီဂေါတို့ ထိပ်တိုက်တွေ့နေပါတယ်။ လီဗာပူးအသင်းဖော်နှစ်ယောက်ဖြစ်တဲ့ မာနေးနဲ့ဆာလာတို့ နှစ်ယောက်ထဲက တယောက်က သေချာပေါက် ကာတာကမ္ဘာ့ဖလားနဲ့ လွဲချော်မှာဖြစ်ပါတယ်။

image

ဒီနှစ်သင်း နောက်ဆုံးထိပ်တိုက်တွေ့ခဲ့တာကတော့ ပြီးခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး မာနေးရဲ့ ဆီနီဂေါက ဆာလာရဲ့ အီဂျစ်ကို အနိုင်ယူကာ အာဖရိကဖလားကို ဆွတ်ခူးခဲ့ပါတယ်။ အခုတခါမှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဒီနှစ်သင်း မကျေပွဲပြန်နွှဲဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

image

ဒီပွဲမတိုင်ခင်မှာ ဆာလာက “လူတိုင်းကို ကတိပေးနိုင်တာက ကျနော်တို့ ဆီနီဂေါကို အနိုင်ယူဖို့ အရာအားလုံးကို ပေးဆပ်သွားမယ်ဆိုတာပါပဲ။ ကျနော် ဒီအကြောင်းနဲ့ ပတ်သက်လို့ စကားတွေအများကြီး မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ အခု နှစ်ကျော့ပွဲရဲ့ အရေးပါပုံကို လူတိုင်း သိမြင်ပါတယ်။ ကျနော်တို့ အနိုင်ရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

နှစ်ကျော့ကစားရမယ့်ဒီစနစ်မှာ ပထမအကျော့အဖြစ် ဒီကနေ့ည အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ အီဂျစ်နဲ့ဆီနီဂေါတို့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ဒုတိယအကျော့ကို မတ် (၂၉) ဆီနီဂေါအိမ်ကွင်းမှာ ပြန်လည် ရင်ဆိုင် ကစားကြမှာပါ။

အီဂျစ်နဲ့ဆီနီဂေါတို့ ထိပ်တိုက်တွေ့တိုင်း ဆီနီဂေါကသာ အများဆုံး အသာရလေ့ရှိပါတယ်။ ဒီနှစ်ကာတာကမ္ဘာ့ဖလားကိုလည်း ဆာလာနဲ့မာနေး ဘယ်သူအရောက်လှမ်းနိုင်မလဲ ဒီကနေ့ညမှာ စတင်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က