လီဗာပူး တိုက်စစ်ကစားသမား မာနေးက ရော်နယ်ဒို၊ နေမာတို့ရဲ့ ကွင်းပြင်ပ နေထိုင်မှုပုံစံအတိုင်း လိုက်လံနေထိုင်လိုခြင်းမရှိဘဲ သူ့အတွက် မလိုအပ်ဘူးလို့ ခံယူထားတဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ဆီနီဂေါသား မာနေးဟာ လီဗာပူးမှာ အောင်မြင်မှုတွေရနေသည့်တိုင် ကွင်းပြင်ပမှာတော့ အနေအထိုင် အေးဆေးပြီး ဘာသာတရားကိုင်းရှိုင်းသူတယောက်အဖြစ် လူသိများပါတယ်။

ဒါ့အပြင် မွေးရပ်မြေမှာလည်း အမြဲတမ်းလိုလို လူထုအကျိုးပြုလုပ်ငန်းတွေအတွက် အားဖြည့်ပေးနေပြီး ကွင်းပြင်ပ နေထိုင်မှုပုံစံတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ ခံယူချက်တွေကို မာနေးက အခုလိုပဲ ပြောကြားလာပါတယ်။ မာနေးက “ကျနော်က အရမ်းဝေဖန်တတ်တဲ့သူတယောက်အဖြစ် သူများတွေထင်တာကို မလိုချင်ပါဘူး”

“ဒါပေမယ့် ဘောလုံးလောကမှာ ဒီလိုမျိုး တန်ဖိုးကြီးမားတဲ့အရာတွေက ကျနော့်ရဲ့ပုံစံနဲ့ဆိုရင် စိတ်အနှောင့်အယှက်ဖြစ်စေတာတော့ အမှန်ပါပဲ။ ဝေဖန်နေတာထက်စာရင်တော့ ကျနော်က သူတို့နဲ့ဝေးဝေးမှာ နေလိုက်ပါတယ်။ အရေးကြီးဆုံးအချက်က ကိုယ်ကိုယ်တိုင် မပြောင်းလဲဖို့ပါပဲ။ မပြောင်းလဲခဲ့ဘူးလို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်”
“မြို့သေးသေးလေးကနေ ရောက်လာတဲ့ ကောင်လေးတယောက်အတွက် ဒါတွေက ကြီးမားတဲ့ အောင်မြင်မှုတွေပါပဲ။ ရော်နယ်ဒိုနဲ့နေမာတို့လို ကွင်းပြင်ဘဝမျိုးကိုလည်း ကျနော် မလိုချင်ပါဘူး။ ဒါပေမယ့် ကျနော်သူတို့ကိုတော့ ဆိုရှယ်မီဒီယာတွေမှာ Follow လုပ်ထားပါတယ်။ ဒီလောက်ဆို လုံလောက်ပြီလေ”
“သူတို့ရရှိနေတဲ့ဘဝတွေကို ကျနော် ချစ်ခင်လေးစားပါတယ်။ ဒါပေမယ့် ဒီအရာတွေက ကျနော့်အတွက်ဖြစ်မယ်လို့တော့ မထင်ပါဘူး။ ကျနော့်ရဲ့အိပ်မက်က ဆီနီဂေါနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ပါ။ အရင်ဆုံးတော့ ခြေစစ်ပွဲအောင်ဖို့ ကြိုးစားရမှာပေါ့။ ဒါပေမယ့် ရူးသွပ်တဲ့စီမံကိန်းတွေကို ကျနော် ယုံကြည်ချင်ပါတယ်”
“ကျနော့်မိခင်နိုင်ငံနဲ့အတူ ဒီလိုမျိုး ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ဆိုတာကလည်း ဒါတွေမှာ တခုအပါအဝင်ပဲဖြစ်ပါတယ်။ နှစ်တိုင်း နှစ်တိုင်း ဆီနီဂေါနဲ့အတူ ရွှေတံဆိပ်ဆွတ်ခူးနေဖို့အတွက်ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။