နှစ်ထပ်ကွမ်းကမ္ဘာ့ချန်ပီယံဟောင်း MMA ဖိုက်တာ အောင်လအန်ဆန်က သူ့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို သိရှိထားပြီး ပြိုင်ဘက်တွေကြောင့် သူ့ရဲ့ ကစားဟန်ကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ “မြန်မာ့စပါးအုံးမြွေ” လို့လည်း ကျော်ကြားတဲ့ အောင်လအန်ဆန်းဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ (၅) ပွဲမှာ (၃) ပွဲရှုံးခဲ့တဲ့နောက် သူ့ရဲ့ ကစားပုံကို ပြောင်းလဲသင့်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း အသက် (၃၇) နှစ်အရွယ် အောင်လအန်ဆန်ကတော့ သူ့ရဲ့ကိုယ်ပိုင်ကစားဟန်ကို ပြောင်းလဲလိုခြင်းမရှိဘဲ ပြိုင်ဘက်တွေအပေါ် ချဥ်းကပ်ပုံကိုလည်း ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အောင်လအန်ဆန်က “ဘာမှကြီးကြီးမားမား ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျနော့်ရဲ့ အရည်အချင်းနဲ့ အားသာချက်က ဘာဆိုတာကို ကျနော် သိပါတယ်”

“မတူညီတဲ့ ကစားပုံအမျိုးမျိုးကို ပြသနိုင်တဲ့ သူငယ်ချင်းတွေ ကျနော်တို့ဆီမှာ အများကြီးရှိပါတယ်။ ဒီတော့ ကျနော့်အနေနဲ့ ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဂရုစိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက ကျနော့်ရဲ့ လေ့ကျင့်ပြင်ဆင်မှုတွေကို တကယ်မပြောင်းလဲနိုင်ပါဘူး။ ကျနော့်အနေနဲ့ ကမ္ဘာပေါ်က ဘယ်သူနဲ့မဆို ယှဥ်ပြိုင်လိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ မတူညီတဲ့ဝိတ်တန်းနှစ်ခုမှာ ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ချန်ပီယံဘွဲ့ကို ထိန်းသိမ်းတဲ့နေရာမှာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတဲ့အကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ အောင်လအန်ဆန်က “အမြင်ထက်ကို အများကြီး ပိုမိုခက်ခဲတဲ့ကိစ္စပါ။ ခါးပတ်တခုကို အောင်နိုင်ပြီးတဲ့နောက် ဒါကို ကာကွယ်ရတာက မတူညီတဲ့ကိစ္စပါ။ မတူညီတဲ့ ဝိတ်တန်းနှစ်ခုမှာမှ ဒီလိုမျိုး ကာကွယ်ရတာကလည်း ခက်ခဲပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။