လတ်တလော ဗြိတိန်မှာ ပြန်လည်ဖြစ်ပွားလာတဲ့ ကိုဗစ်မျိုးကွဲ အိုမီခရွန် ပျံ့နှံ့မှုကြောင့် ဘောလုံးပွဲတွေ ရပ်နားသင့်တယ်ဆိုတာကို လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လက်သင့်မခံနိုင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ကလော့ပ်ရဲ့ ပြောကြားချက်အရ လီဗာပူး ကစားသမားအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပြီး Booster ထိုးဖို့အတွက်တောင် ပြင်ဆင်နေပြီလို့ သိရပါတယ်။

စပါးရဲ့ ပရီးမီးယားလိဂ်ပွဲစဥ် (၃) ပွဲဆက်၊ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ် (၂) ပွဲဆက် ဖျက်သိမ်းခဲ့ရသလို လာမယ့် စနေ၊ တနင်္ဂနွေမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ် (၄) ပွဲ အထိ ဖျက်သိမ်းခဲ့ရပါပြီ။ အဲ့ဒါကြောင့်လည်း ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က အခုလာမယ့် ပရီးမီးယားလိဂ်ပွဲစဥ်တပတ်နဲ့ ကာရာဘောင်ဖလားပွဲစဥ်တွေကို ရွှေ့ဆိုင်းပြီး ရောဂါကွင်းဆက်ဖြတ်သင့်တယ်လို့ မနေ့က ပြောပါတယ်။

ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကလည်း ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ရွှေ့ဆိုင်းသင့်ပြီလို့ဆိုထားတာပါ။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ကတော့ ပွဲစဥ်တွေကို တတ်နိုင်သလောက် ဘေးကင်းတဲ့နည်းလမ်းနဲ့ သတ်မှတ်ထားတဲ့အတိုင်း ကစားသွားဖို့ စီစဥ်ထားပါတယ်။
လီဗာပူးနည်းပြ ကလော့ပ်ကလည်း “လိဂ်ကို ရပ်နားလိုက်တာက မှန်ကန်တဲ့ အရာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပွဲစဥ်ဇယားနဲ့ဆိုရင်တော့ ကျနော်တို့ ပိုပြီး လိုက်လျောညီထွေရှိသင့်ပါတယ်။ ဒီလိုမျိုး ပွဲတွေရပ်ထားလို့လည်း ဘာမှအကျိုးကျေးဇူးမရှိပါဘူး”
“ဘာလို့လဲဆိုတော့ ပြန်ကန်လည်း ဒီတိုင်းပဲဖြစ်နေမှာလေ။ တကယ်လို့ ဗိုင်းရပ်စ်က တကယ်ပျောက်သွားမယ်ဆိုရင်တော့ ကျနော်လည်း အိမ်မှာ ပြန်စောင့်နေမှာပေါ့”
“ဒါပေမယ့် ဖြစ်မှမဖြစ်နိုင်တာ။ ဒီတော့ ဘာအကျိုးရှိမှာလဲ။ တနင်္ဂနွေမှာ ကစားမယ့် စပါးနဲ့ပွဲကို ကျနော်တို့ ပုံမှန်အတိုင်း ကစားသွားဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။