ကျောက်မြောင်းက လမ်းဘေးအစားအစာ အစုံ၊ စားသောက်ဆိုင်ပေါင်းများစွာနဲ့ ပွဲစျေးတန်းကြီးတစ်ခုသဖွယ် အမြဲတမ်းလိုလို စည်ကားနေတတ်ပါတယ်။ ဒီကာလမှာ အားလုံးက တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေ လုပ်ကိုင်ချိန်မှာ ကျောက်မြောင်း ကျားကွက်သစ်လမ်းမပေါ်မှာလည်း Street Food မုန့်ဆိုင်လေးတွေပိုများလာတာတွေ့ ရ ပြီး ပိုမိုစည်ကားလာတာလည်း တွေ့ ရပါတယ်။ ဒီတစ်ပတ်မှာတော့ Duwun ပရိသတ်တွေ ကျောက်မြောင်းကျားကွက်သစ်လမ်းပေါ်မှာ မြည်းစမ်းကြည့်သင့်တဲ့ Street Food မုန့်ဆိုင် ၅ ဆိုင်အကြောင်းကို ဝေမျှပေးချင်ပါတယ်။
ကမ္ဘာကျော်ကြက်ကြော်တွေနဲ့ ယှဥ်နိုင်တဲ့ ကျောက်မြောင်းကြက်ကြော်

KFC, Lotteria တို့လို နာမည်ကြီး ကြက်ကြော်တွေ ပုံစံအတိုင်း ကြော်ထားတဲ့ ကျောက်မြောင်းကြက်ကြော်ဖြစ်ပါတယ်။ ကျောက်မြောင်းကြက်ကြော်ကတော့ ကျားကွက်သစ်လမ်းပေါ်က Street Food တွေထဲမှာ နာမည်ကြော်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဒီဆိုင်လေးကိုတော့ ကိုဗစ်ဒုတိယလှိုင်းကာလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူငယ်တွေ စုပေါင်းကာ တပိုင်တနိုင် ဖွင့်လှစ်ထားတဲ့ လမ်းဘေးဆိုင်လေးတစ်ခုပါ။ ကြက်ကြော်ကိုလည်း နာမည်ကျော်ဆိုင်ကြီးတွေ ရဲ့ ကြက်ကြော်ပုံစံအတိုင်း ကြော်ထားတာဖြစ်ပေမယ့် အရသာကတော့ ကိုယ့်ဘာသာကိုယ် အရသာစပ်ပြီး ကြော်ထားတာဖြစ်ပါတယ်။ စျေးနှုန်းကတော့ ပေါင်ရင်းသား၊ ရင်ပုံသား အသားတစ်တုံးကို ၁၅၀၀၊ ပေါင်လုံးသား တစ်တုံးကို ၁၃၀၀ နဲ့ တောင်ပံတစ်ခုကို ၆၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်လို့ စျေးအသင့်အတင့်နဲ့ နာမည်ကြီးဆိုင်တွေက ကြက်ကြော်ပုံစံအတိုင်းစားသုံးနိုင်မှာပါ။ ဒီကျောက်မြောင်းကြက်ကြော်ဆိုင်လေးကတော့ ဓမ္မစိန္တာလမ်းနဲ့ ကျားကွက်သစ်လမ်းမပေါ်မှာ တည် ရှိတာဖြစ်ပါတယ်။
၁၅ နှစ်ကြာ နာမည်ထိန်းထားနိုင်ဆဲ ပိုင်ပိုင်လမ်းသရဲခေါက်မုန့်
ကြက်ဥခေါက်မုန့်၊ လမ်းသရဲခေါက်မုန့် ကို အရသာကောင်းကောင်းလေးနဲ့ စားလို့လည်း ကောင်းတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ကျားကွက်သစ်လမ်းမပေါ်မှာ ရောင်းလာတာ ၁၅ နှစ်ဝန်းကျင်ခန့် ရှိပြီဖြစ်တဲ့ ပိုင်ပိုင် လမ်းသရဲခေါက်မုန့်ကအရသာကောင်းတာကြောင့် ဝယ်ယူသူမပြတ်ပါဘူး။ စျေးနှုန်းတွေကတော့ ခေါက်မုန့်တစ်ခုကို အနည်းဆုံး ၄၀၀ ကနေ အများဆုံး ၆၀၀ ကျပ်အထိသာဖြစ်ပါတယ်။ အခုကာလမှာ ကုန်စျေးနှုန်းတွေ တက်လာတာကြောင့် ယခင်ကထက် ခေါက်မုန့်တစ်ခုကို ၁၀၀ ကျပ်လောက် တိုးသွားပေမယ့် စားလို့လည်းကောင်း၊ ပေးရတာလည်းတန်တဲ့ လမ်းဘေးဆိုင်လေးဖြစ်ပါတယ်။ စိတ္တသုခလမ်းနဲ့ကျားကွက်သစ်လမ်းပေါ်မှာတည်ရှိတဲ့ ဒီဆိုင်လေးမှာတော့ ခေါက်မုန့်၊ လမ်းသရဲခေါက်မုန့်၊ ကြက်ဥခေါက်မုန့် စတဲ့ ခေါက်မုန့်မျိုးစုံ ရနိုင်ပါတယ်။
မိသားစုအစဥ်အဆက် ရောင်းချလာတဲ့ မဟာထူးကော်ပြန့်စိမ်း
ကျောက်မြောင်း ကျားကွက်သစ်လမ်းမပေါ်မှာတော့ မဟာထူး ကော်ပြန့်စိမ်း သတ်သတ်လွတ်ဆိုင်လေးကို မသိတဲ့သူ အလွန်ရှားပါတယ်။ မိသားစု အစဥ်အဆက် ေရာင်းချလာတာ အခုဆို နှစ်ပေါင်း ၃၀ ခန့် ရှိလာပြီဖြစ်တဲ့ ဒီဆိုင်လေးမှာ ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်၊ ကြာဇံကြော်တို့ကို သတ်သတ်လွတ်ပြုလုပ်ပြီး အဓိကထား ရောင်းချတဲ့ဆိုင်လေးဖြစ်ပါတယ်။ဒီဆိုင်လေးမှာ နာမည်အကြီးဆုံးကတော့ ကော်ပြန့်စိမ်းဖြစ်ပြီး နှစ်တွေ ဘယ်လောက်ကြာကြာ လက်ရာကောင်းနေဆဲ ဆိုင်လေးဖြစ်ပါတယ်။ သတ်သတ်လွတ်ကို အဓိကထား ရောင်းတာဖြစ်တဲ့အတွက် ဝါတွင်းကာလအချိန်မှာ ပိုပြီး ရောင်း ရတယ်လို့ဆိုပါတယ်။ မဟာထူး သတ်သတ်လွတ်ကော်ပြန့်ဆိုင်လေးဟာ မိသားစု အစဥ်အဆက်လုပ်ငန်းလေးဖြစ်တာကြောင့် ကျောက်မြောင်းကျားကွက်သစ်လမ်းမှာတင်မကပါဘူး။ မင်္ဂလာတောင်ညွှန့် ဖဆပလမှာတစ်ဆိုင်၊ ကျောက်မြောင်းလမ်းဆုံ အင်းဝလမ်းမှာတစ်ဆိုင် စသဖြင့် မောင်နှမတွေက ဆိုင်ခွဲတွေ အသီးသီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကုန်စျေးနှုန်းတွေ ဘယ်လောက်စျေးကြီးကြီး ကော်ပြန့်စိမ်းမှာ ပါဝင်တဲ့အချိုးအစားကတော့ လုံးဝမလျှော့ဘဲ လက်ရာကလည်း ကောင်းမွန်ဆဲဖြစ်တာကြောင့် နှစ်ပေါင်း ၃၀တိုင်အောင် နာမည်ကြီးတဲ့ဆိုင်လေးဖြစ်ပါတယ်။ မဟာထူးကော်ပြန့်စိမ်းဆိုင်ကတော့ သတိပဌာန်လမ်းထောင့်နဲ့ ကျားကွက်သစ်လမ်းပေါ်မှာတည် ရှိတာဖြစ်ပါတယ်။
ရွှေကျောက်မြောင်း ဝက်ဂုတ်သားကင်နဲ့ ယိုးဒယားအကင်မျိုးစုံ
ဝက်ဂုတ်သားကင်နဲ့ ယိုးဒယားအကင်လေးတွေက Street Food တွေရဲ့ပြယုဂ်တစ်ခုလိုပါပဲ။ လှည်းလေးပေါ်မှာ ယိုးဒယားအကင်မျိုးစုံကိုစီစီရီရီလေး နဲ့ခင်းကျင်းပြသထားတာက စားချင်စဖွယ်ဖြစ်စေပါတယ်။ ကျောက်မြောင်းကျားကွက်သစ်လမ်းမပေါ်က ရွှေကျောက်မြောင်း ဝက်ဂုတ်သားကင်နဲ့ ယိုးဒယားအကင်မျိုးစုံဆိုင်လေးမှာတော့ ဝက်ဂုတ်သားကင်၊ ဝက်ဆိုင်ကော်၊ ဝက်သားနဲ့ ငရုတ်ကောင်းအကင်တို့အပြင် ယိုးဒယားအကင်မျိုးစုံ ရရှိနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။ စျေးနှုန်းတွေကတော့ တစ်ချောင်းကို ၆၀၀၊ ၇၀၀ ကျပ်နဲ့ ရောင်းချပေးနေပါတယ်။ အကင်မျိုးစုံကို ယိုးဒယားအချဥ်ရည်လေးဆမ်းပြီး စားရတာကလည်း လူငယ်တွေအတွက် တကယ်ကို အကြိုက်တွေ့စရာပါ။ ကျောက်မြောင်းကျားကွက်သစ်လမ်းပေါ်မှာ ယိုးဒယားအကင်ဆိုင် ၃၊၄ ဆိုင်ခန့်တွေ့ရပြီး ရွှေကျောက်မြောင်း ဝက်ဂုတ်သားကင်နဲ့ ယိုးဒယားအကင်မျိုးစုံ ဆိုင်လေးကတော့ ဓမ္မဝိဟာရလမ်းနဲ့ ကျားကွက်သစ်လမ်းထောင့်ပေါ်မှာတည်ရှိတာဖြစ်ပါတယ်။
တစ်လအတွင်း နာမည်ကြီးလာတဲ့ ကိုထိုက် မြိတ်ကတ်ကြေးကိုက်
ဒီဆိုင်လေးကတော့ ဖွင့်ထားတာ တစ်လခန့်သာရှိသေးပေမယ့် အမြဲလူစည်တဲ့ဆိုင်လေးဖြစ်ပါတယ်။ မြိတ်သားတစ်ယောက်ဖြစ်တဲ့ ကိုထိုက်ဆိုသူက မြိတ်လက်ရာကောင်းကောင်း၊ စစ်စစ်တွေကို ကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဖြစ်သလို ရန်ကုန်မှာလည်း မြိတ်လက်ရာစစ်စစ် ကတ်ကြေးကိုက်ဆိုင်လေးဖြစ်စေချင်တဲ့ စိတ်နဲ့ ဒီကတ်ကြေးကိုက်ဆိုင်သေးသေးလေးကို ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ မြိတ်သားတစ်ယောက်ဖြစ်တာနဲ့အညီ မြိတ်အစားအစာတွေကို အိမ်မှာလည်း ချက်ပြုတ်စားသောက်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ ကိုထိုက်အတွက် ဒီကတ်ကြေးကိုက်ချက်ရတာကလည်း အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် စားသုံးသူတွေကတော့ မြိတ်လက်ရာစစ်စစ်ကို စားရတာဖြစ်တဲ့အတွက် ဆိုင်က အမြဲတမ်းလူစည်နေတာတွေ့ရပါတယ်။ ကိုထိုက်ရဲ့ မြိတ်ကတ်ကြေးကိုက်လက်ရာကောင်းမွန်နေရတဲ့ လျို့ဝှက်ချက်ကတော့ ကတ်ကြေးကိုက်မှာအသုံးပြုရတဲ့ ပအုံးရည်ကို မြိတ်မြို့ထွက်တဲ့ ပအုံးရည်စစ်စစ်ကို အသုံးပြုတာကြောင့်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဒီဆိုင်လေးမှာ ကတ်ကြေးကိုက်အပြင် မြိတ်လက်ရာအစားအစာမျိုးစုံကိုလည်း ရောင်းချပေးသွားမှာဖြစ်လို့ မြိတ်အစားအစာတွေကြိုက်တဲ့သူတွေအတွက် တကယ်ကို လက်မလွှတ်သင့်တဲ့ဆိုင်လေးတစ်ခုဖြစ်ပါတယ်။ ဒီဆိုင်ကတော့ ကျားကွက်သစ်လမ်းမနဲ့ သတိပဌာလမ်းထောင့်တို့မှာ တည်ရှိတဲ့ဆိုင်လေးဖြစ်ပါတယ်။
ကျောက်မြောင်းကျားကွက်သစ်လမ်းမပေါ်က Street Food ဆိုင်လေးတွေက ညနေ ၃ နာ ရီ၊ ၄ နာရီလောက်ဆို စပြီး ဖွင့်တာတွေ့ ရပါတယ်။ ဒါကြောင့် ညနေပိုင်း အေးအေးလူလူ အချိန်လေးမှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူတူ ဘယ်မှာသွားစားမလဲ စဥ်းစားနေတယ်ဆိုရင်တော့ အစားအသောက်မျိုးစုံ ရတဲ့ ကျောက်မြောင်းကျားကွက်သစ်လမ်းမပေါ်ကို တစ်ခါလောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။