မန်စီးတီးဟာ ကြားရက်မှာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ် ပထမအကျော့အဖြစ် စပို့တင်းလစ္စဘွန်းကွင်းမှာ သွားရောက် ရင်ဆိုင်ကစားခဲ့ရပါတယ်။ ဒီပွဲမှာ မန်စီးတီးတို့ ခြေစွမ်းပြပြီး ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် အပြန်လမ်းမှာတော့ ထိတ်လန့်စရာ အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မန်စီးတီးအသင်းသားတွေ စီးနင်းလာတဲ့ လေယာဥ်ဟာ မန်ချက်စတာလေဆိပ်မှာ ဆင်းသက်ရမယ့်အစား လီဗာပူးလေဆိပ်မှာ ဆင်းသက်ခဲ့ရပါတယ်။ ရာသီဥတု ဆိုးရွားနေတဲ့ကြားမှာလည်း မန်စီးတီးရဲ့လေယာဥ်က တော်တော်လေးကို ရုန်းကန်ခဲ့ရတာကို ဗီဒီယိုထဲမှာလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် နည်းပြ ဂွါဒီယိုလာကတော့ ဗီဒီယိုထဲမှာ မြင်တွေ့ရတာထက် လေယာဥ်ပေါ်မှာ တကယ်ခံစားခဲ့ရတာက ပိုမိုကြောက်ဖို့ကောင်းတဲ့အကြောင်းကို အခုလိုပဲ ပြောကြားလာပါတယ်။ ဂွါဒီယိုလာက “ကျနော် ဗီဒီယိုကိုကြည့်ပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ လေယာဥ်ပေါ်မှာ ဒီထက်ပိုပြီး ကြောက်ဖို့ ကောင်းခဲ့ပါတယ်”
“တကယ်ကိုကြောက်ဖို့ကောင်းခဲ့တာပါ။ ကျနော်တို့ လေယာဥ်ဆင်းမယ်လုပ်ပြီးတာနဲ့ အင်ဂျင်က ပြန်တက်လာပြီး လေယာဥ်ကလည်း အပေါ်ကို ပြန်တက်သွားပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ လေယာဥ်မှူးက အရမ်းကို အံ့အားသင့်ဖို့ကောင်းပြီး ကျနော်တို့ကို စိတ်အေးအေးထားဖို့ ပြောခဲ့ပါတယ်။ ဒီလေယာဥ်မှူးက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ လူပုဂ္ဂိုလ်တယောက်ပါပဲ”
“ကျနော်တို့ အတော်လေး စိုးရိမ်ကြောင့်ကြခဲ့ရတာပေါ့ဗျာ။ ဒါပေမယ့် သူ့ရဲ့ကျေးဇူးကြောင့်ပဲ အားလုံးက အေးဆေးဖြစ်သွားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်တက်ဖို့ သေချာသလောက်ဖြစ်သွားတဲ့ရလဒ်ကို ရယူပြီး အပြန်မှာ အခုလို ထိတ်လန့်စရာအဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒီကနေ့ညမှာတော့ မန်စီးတီးက စပါးနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဥ်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲအတွက် စပါးအနေနဲ့လည်း ဗြိတိန်မှာရှိနေတဲ့မုန်တိုင်းကြောင့် သွားလာရေးခက်ခဲနေခဲ့ရတယ်လို့လည်း သိရှိရပါတယ်။