လီဗာပူးဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အက်သလက်တီကို,ကို အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး အုပ်စု ပထမနေရာမှာ ရပ်တည်ကာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပါပြီ။

အက်သလက်တီကိုနဲ့ပွဲမှာ လီဗာပူးတို့ ပထမပိုင်း (၁၂) မိနစ်အတွင်းမှာပဲ နှစ်ဂိုးဆက်တိုက်ရခဲ့တာဖြစ်ပြီး ဆာလာရဲ့ ကန်ချက်က မီလ်နာနဲ့ထိ လမ်းကြောင်းပြောင်းပြီး တစ်ဂိုး၊ အက်သလက်တီကိုနောက်တန်းရဲ့ ရှင်းထုတ်ပုံမပီပြင်မှုကတစ်ဆင့် နာဘီကီတာက ဧရိယာအပြင်ကနေ လှပတဲ့ Volley ကန်ချက်နဲ့ တစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ဒါပေမယ့် အက်သလက်တီကိုဘက်ကို ပြန်ပေးခဲ့ရတဲ့ ချေပဂိုးနှစ်ဂိုးလုံးအတွက် ကီတာဆီမှာ တာဝန်ရှိတယ်လို့ အသင်းရဲ့ ကွင်းလယ်လူဟောင်း ဟာမန်းက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဟာမန်းက “ကျွန်တော် ပြောစရာရှိပါတယ်။ ကီတာက လီဗာပူးပေးခဲ့ရတဲ့ နှစ်ဂိုးလုံးအတွက် အဓိကမှားယွင်းတဲ့သူ၊ တာဝန်ရှိတဲ့ ကစားသမားပါ”
“သူ့ဆီမှာ ဒဏ်ရာပြဿနာအချို့ရှိခဲ့တာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူက လီဗာပူးအတွက် လုံလောက်တဲ့ အရည်အချင်းမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူသွင်းခဲ့သလို ဂိုးမျိုးကို ခင်ဗျားလည်း သွင်းနိုင်တယ်ဆိုရင် ယုံကြည်ချက်တွေ ပြည့်ဝနေရမှာလေ”
“ဒီတော့ ကိုယ့်ရဲ့ခံစစ်တာဝန်ကို အပြည့်အဝ ယူနိုင်ရမယ်။ ဒါပေမယ့် သူက ဘောလုံး သူ့ခြေထောက်ထဲရှိနေတဲ့အချိန်၊ လီဗာပူး ဘောလုံးရနေချိန်မှာပဲ ကစားချင်စိတ်ရှိတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ဒါမျိုး ဘယ်လုပ်လို့ရမလဲ။ သူက ဒီလိုလုပ်ရလောက်အောင် ကောင်းတဲ့ ကစားသမား မဟုတ်ပါဘူး”
“ပြန်ပေးလိုက်ရတဲ့ နှစ်ဂိုးလုံးက သူ့ကို ခပ်လွယ်လွယ်နဲ့ ကျော်ဖြတ်သွားပြီး အရမ်းကို လွယ်ကူတဲ့ ဂိုးတွေဖြစ်ခဲ့တာပါ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ အက်သလက်တီကိုဟာ စောစောစီးစီး နှစ်ဂိုးပြတ်ရှုံးနိမ့်နေပေမယ့် ပထမပိုင်းမပြီးခင်မှာပဲ ဂရစ်ဇ်မန်းရဲ့ ချေပဂိုးနှစ်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့တာပါ။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဂရစ်ဇ်မန်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး လီဗာပူးတို့က ဆာလာရဲ့ ပင်နယ်တီအနိုင်ဂိုးနဲ့အတူ ပွဲပြီးဆုံးချိန်မှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။