
ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်ကားတစ်ကားလောက်ကြည့်လိုက်ရရင် ကြုံတွေ့နေရတဲ့စိတ်ညစ်ညူးစရာတွေ တဝက်လောက် လျော့ပါးသက်သာသွားတတ်ပါတယ်။
ဒါကြောင့်ပဲ မနက်ဖြန် သြဂုတ်လ၊ ၂၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် အဆိုတော်တွေနေတဲ့ရွာ ဆိုတဲ့ရုပ်ရှင်ဇာတ်ကား ကြီးအပေါ် လူတွေရဲ့စိတ်ဝင်စားမှုတွေမြင့်တက်နေတာလို့ ယူဆရပါတယ်။
အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားက ပိုစတာနဲ့ နမူနာဗွီဒီယိုတွေကို ကြည့်လိုက်ရုံနဲ့တင် မပြုံးဘဲနဲ့ ဝါးလုံးကွဲ ရယ်ရမယ့်ရုပ်ရှင်ကားတစ်ကားဆိုတာ ကြိုတင်ခံစားကြည့်လို့ရနေတဲ့ ဇာတ်ကားပါပဲ။
ဇာတ်လမ်းနဲ့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာသရုပ်ဆောင်တွေထဲက ဟာသဇာတ်ရုပ် သရုပ်ဆောင်ရာမှာ ပီပြင်အသက်ပါလှတဲ့ မင်းမော်ကွန်း၊ ဇေရဲထက်၊ မြန်မာပြည်သိန်းတန်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ မို့မို့မြင့်အောင်၊ ရွှေမှုန်ရတီတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဝါဝါအောင်၊ မျိုးမျိုးခိုင်၊ ဇော်ဇော်အောင် တို့လို ဇာတ်ပို့၊ဇာတ်ရံတွေ နဲ့လည်း အားဖြည့်ထားတာကြောင့် ပါးစပ်မစေ့အောင် ရယ်နေရမယ့် နောက်ထပ်မြန်မာဟာသကားတစ်ကား ဖြစ်မှာ သေချာသလောက်ပါပဲ။
နမူနာဗွီဒီယိုတွေအရဆိုရင် သီချင်းဆိုရတာရူးသွပ်တဲ့ ရွာတစ်ရွာက အားပေးတဲ့ ဂီတအမျိုးအစားမတူညီ ကြသူတွေကြား ဖြစ်တတ်တဲ့အလွဲတွေကို ဟာသအမြင်ရှုထောင့်က ခံစားကြည့်ရှုသွားရမယ်လို့ ခန့်မှန်းရပါတယ်။
ဒါ့အပြင် ဂီတကိုရူးသွပ်တဲ့လူတွေနေထိုင်တဲ့ မိုက်ခဲရွာရဲ့ သီချင်းဆိုပြိုင်ပွဲကျင်းပရာမှာ လက်တလောလူတွေကြားထဲ ရေပန်းစားနေတဲ့ အကြောင်းအရာတွေကို ဟာသအမြင်နဲ့ ရယ်ရအောင်တင်ဆက်ထားတဲ့ ဇာတ်လမ်း၊ဇာတ်ကွက်တွေ လည်းပါဝင်ဦးမှာပါ။
ကဲ... စိတ်ညစ်တာတွေပျောက်အောင် အားရပါးရ ရယ်မောပစ်လိုက်ချင်တယ်ဆိုရင်တော့ သြဂုတ်လ၊ ၂၄ ရက်နေ့မှာ ရုံတင်ပြီဖြစ်တဲ့ အဆိုတော်တွေနေတဲ့ရွာဇာတ်ကားကြီးကိုသာ ကြည့်ဖြစ်အောင်သွားကြည့်လိုက်ဖို့ အကြံပေးလိုက်ပါရစေ။