• မာနေးနဲ့ဓာတ်ပုံတွဲရိုက်ချင်တဲ့ကလေးငယ်အတွက် ဗော်လန်တီယာလုပ်ပေးခဲ့တဲ့ မူလာ

မူလာကိုတော့ ပရိသတ်တွေက တော်တော်လေးချစ်နေကြတာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်စ်မူလာဟာ အလိုင်းယန့်ဇ်အရီနာ ကွင်းကြီးထဲ ဝင်ရောက်လာပြီး မာနေးနဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့ ကလေးငယ်လေးအတွက် အကျိုးဆောင်လုပ်ပေးခဲ့တယ်လို့ဆိုရမှာပါ။ မူလာဟာ ဘိုင်ယန်မြူးနစ်မှာ ကစားသမားဘဝ တလျှောက်လုံး ကစားခဲ့ပြီး အောင်မြင်တဲ့ ကစားသမားဘဝကို ဆယ်စုနှစ်တခုကျော်ကြာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

image

ဒါ့အပြင် သူ့ရဲ့ ကွင်းပြင်ပ ဟာသအပြောအဆို၊ အမူအရာတွေကြောင့်လည်း အသင်းဖော်တွေကြားမှာရော၊ ပရိသတ်တွေအကြားမှာပါ ထင်ရှားလျက်ရှိတဲ့ ကစားသမားဖြစ်ပါတယ်။ အခုချိန်မှာလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတခုအရ မူလာနဲ့ပတ်သက်လို့ ပရိသတ်တွေက ချီးကျူးနေရပြန်ပါပြီ။

image

ကလေးငယ်ပရိသတ်တယောက်ဟာ သူ့ရဲ့ ဖုန်းကင်မရာကို ဖွင့်၊ သူ့ကိုယ်သူ ဗီဒီယိုရိုက်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ အလိုင်းယန့်ဇ်အရီနာကွင်းကြီးထဲ ပြေးဝင်လာခဲ့ပါတယ်။ ဒီကလေးရဲ့ ရည်ရွယ်ချက်ကတော့ မာနေးနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ဖြစ်ပြီး ဂိုးရှေ့မှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဘိုင်ယန်မြူးနစ်ကစားသမားတွေအနားထိ အရောက် ပြေးသွားခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ မာနေးကို ပွေ့ဖက်ခဲ့ပြီး သူနဲ့မာနေးကို ဖုန်းနဲ့ဓာတ်ပုံရိုက်ပေးဖို့အတွက် သူ့ရဲ့ဖုန်းကို မူလာလက်ထဲ ထည့်ပေးခဲ့ပါတယ်။ မူလာရိုက်ပေးလိုက်တဲ့ ဒီကလေးငယ်လေးနဲ့ မာနေးတို့နှစ်ယောက်ရဲ့ ပုံကတော့ လက်ရှိအချိန်ထိ အွန်လိုင်းပေါ်မှာ မြင်တွေ့ရခြင်းမရှိသေးပါဘူး။ မူလာလက်ထဲ ဖုန်းရောက်လာချိန်မှာ ဗီဒီယိုရိုက်ကူးမှုကို မူလာက ရပ်တန့်လိုက်ပြီး ဓာတ်ပုံရိုက်ပေးခဲ့ဟန်ရှိပါတယ်။

ပရိသတ်တွေကတော့ ဒီဖြစ်ရပ်မှာ မူလာကို ချစ်ခင်လေးစားကြောင်း ထပ်မံပြသခဲ့ပြီး “မူလာကိုကြည့်လိုက်တိုင်း အမြဲတမ်း ဟာသလိုပဲ” “ဒီဘဲကြီးကို တော်တော်ချစ်နေပြီကွာ” “မူလာက ဘာလို့ ဒီလောက်တောင် ရယ်စရာကောင်းနေတာလဲ” “မူလာက လူသားဆန်မှုအပြည့်အဝရှိတဲ့ လူတယောက်ပါ” လို့ အမျိုးမျိုးအဖုံဖုံ ချီးကျူးမှတ်ချက်ပြုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က