လီဗာပူးဂန္တဝင်ကစားသမားဟောင်းကြီး ကာရေဂါက ရန်းနစ်ဂ်လက်ထက်မှာမြင်တွေ့ရတဲ့ ယူနိုက်တက်နဲ့ ရော်နယ်ဒိုတို့ကို ချီးကျူးစကားပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရန်းနစ်ဂ်အတွက် ယူနိုက်တက်နည်းပြဘဝအဖွင့်ပွဲမှာ နိုင်ပွဲရရှိခဲ့တာပါ။

ဒီပွဲမှာ ယူနိုက်တက်ရဲ့ ကစားပုံ ပြောင်းလဲလာတာကို သတိထားမိခဲ့ကြပြီး ရန်းနစ်ဂ်လိုချင်တဲ့ Pressing ကစားဟန်ကို ကစားသမားတွေက ကြိုးစားပုံဖော်ခဲ့ကြပါတယ်။ ရန်းနစ်ဂ်ကိုယ်တိုင်က သူ့အသင်းကို ချီးကျူးစကားပြောကြားခဲ့ရပြီး ယူနိုက်တက်နဲ့ပတ်သက်ရင် အမြဲတမ်းဝေဖန်နေကျ ကာရေဂါကပါ ရော်နယ်ဒိုအပါအဝင် ယူနိုက်တက်ကို ချီးကျူးခဲ့ရတာပါ။

ကာရေဂါက “အခု ယူနိုက်တက်ကနေ ကျနော်တို့ အများကြီးမြင်တွေ့ခဲ့ရပါတယ်။ နောက်ခံအစွန်လူတွေနဲ့ ဗဟိုနောက်ခံလူတွေကြားမှာ အမြဲတမ်းပြေးလွှားနေကြတယ်။ သူတို့ရဲ့တိုက်စစ်ကစားသမားတွေကို အရင်ကထက် ပိုမိုရှာဖွေလာကြပါတယ်။ ဒီတပတ်တော့ ရော်နယ်ဒိုရဲ့ ရက်သတ္တပတ်ပါပဲ”
“သူ့ရဲ့ Pressing ကစားဟန်က တကယ်ကို ကောင်းမွန်လွန်းပြီး ရန်းနစ်ဂ်အနေနဲ့ သူ့တိုက်စစ်ကစားသမားတွေဆီက လိုချင်တာလည်း အဲ့ဒါပါပဲ။ ကျနော်တို့ ဘိုင်ယန်မြူးနစ်နဲ့ဒေါ့မွန်တို့ ကစားခဲ့တဲ့ပွဲမှာလည်း အလားတူပုံစံမြင်တွေ့ခဲ့ရပါတယ်။ ဒေါ့မွန်ရဲ့ ဗဟိုတိုက်စစ်မှူးနှစ်ယောက်က ဘိုင်ယန်မြူးနစ်ခံစစ်နဲ့ တတန်းတည်းရှိခဲ့တာပါ”
“နောက်ထပ် ချီးကျူးရမယ့် ကစားသမားက ဘရူနိုဖာနန်ဒက်စ်ပါ။ ရပ်ရှ်ဖို့ဒ်၊ ရော်နယ်ဒိုတို့နည်းတူ သူလည်း ပြိုင်ဘက်ခံစစ်တန်းကို ဖိအားပေးခဲ့ပါတယ်။ ဂျာမန်ထိပ်တန်းနှစ်သင်းကစားခဲ့တဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ပုံစံမျိုးကို ရန်းနစ်ဂ်လက်ထက် ယူနိုက်တက်ရဲ့ ပထမဆုံးပွဲမှာ ကျနော်တို့ မြင်တွေ့ခဲ့ရတာာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပြိုင်ဘက်ခံစစ်တန်းမှာတင် ဘောလုံးပြန်လည်ရယူနိုင်မှုက (၁၂) ကြိမ်အထိ ရှိခဲ့ပြီး ဒါဟာ ဖာဂူဆန်နောက်ပိုင်း ယူနိုက်တက်တို့ ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။