ရိုးမားနည်းပြမော်ရင်ဟိုက အသင်းရဲ့ ဗဟိုနောက်ခံလူ စမောလင်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ထိုက်တန်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ စမောလင်းနဲ့ မော်ရင်ဟိုတို့ဟာ အင်္ဂလန်မြေ၊ ယူနိုက်တက်မှာလည်း အတူလက်တွဲခဲ့ဖူးပြီး အခု ရိုးမားမှာလည်း လက်တွဲညီနေကြတာဖြစ်ပါတယ်။

စမောလင်းဟာ မော်ရင်ဟိုရဲ့အသင်းအတွက် အဓိကနောက်ခံလူတယောက်အဖြစ် ခြေစွမ်းပြနေပါတယ်။ ဒီရာသီမှာ ရိုးမားတို့ ဂိုးမပေးရခဲ့တဲ့ ပွဲစဥ် (၄) ပွဲရှိခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ဆမ်ဒိုးရီးယားကို တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကလည်း တပွဲအပါအဝင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲအပြီးမှာတော့ စမောလင်းနဲ့ပတ်သက်လို့ မော်ရင်ဟိုက ချီးကျူးခဲ့ပြီး လက်ရွေးစင်မှာ ရွေးချယ်ခံရဖို့ ထိုက်တန်တယ်လို့ ဆိုလာပါတယ်။

မော်ရင်ဟိုက “စမောလင်းက ယူနိုက်တက်မှာ ဗဟိုနောက်ခံလူနှစ်ယောက် စနစ်မှာ ကစားတတ်ဖို့ သင်ကြားနိုင်ခဲ့ပြီး အခုလည်း သုံးယောက်တန်းခံစစ်မှာ ပြီးပြည့်စုံတဲ့ ကစားသမားအဖြစ် ရှိနေပါပြီ။ ကျနော်သာ လက်ရွေးစင်အသင်းနည်းပြဆိုရင် ကျနော့်ရဲ့လုပ်ပိုင်ခွင့်ထဲကနေ စမောလင်းလို ကစားသမားမျိုးကို ရဖို့ ဘာမဆို လုပ်သွားမှာပါ”
“ကျနော်က စမောလင်းလိုမျိုး မြင့်မားတဲ့ အဆင့်တခုမှာရှိနေတဲ့ ကစားသမားတယောက်အနေနဲ့ သူနဲ့ ထိုက်တန်တဲ့ အခွင့်အရေးမျိုးမရတာကို အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ ပြောရတဲ့အခါမျိုးမှာ ဆောက်ဂိတ် (အင်္ဂလန်လက်ရွေးစင်နည်းပြ) ကို မလေးမစားလုပ်ရာရောက်တယ်လို့တော့ မထင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်နည်းပြဆောက်ဂိတ်ကလည်း မက်ဂွိုင်းရား၊ စတုန်းစ်တို့နဲ့အတူ သုံးယောက်တန်းခံစစ်ကို အသုံးပြုလေ့ရှိတဲ့ နည်းပြတယောက်ပါ။
အဲ့ဒါကြောင့်လည်း စမောလင်းတယောက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ အခွင့်အရေးရသင့်တယ်လို့ မော်ရင်ဟိုက ယူဆနေတာပါ။ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ အူဒီနီးစ်နဲ့ ရိုးမားတို့ပွဲကို သွားရောက်ကြည့်ရှုကာ ရိုးမားနောက်ခံလူ စမောလင်း၊ တိုက်စစ်မှူး အေဘရာဟမ်တို့ကို စောင့်ကြည့်ခဲ့သေးကြောင်းလည်း သိရှိရပါတယ်။