မနေ့က ကစားခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်မှာ ဟာလန်းက နော်ဝေအတွက် သွင်းဂိုးတဂိုး သွင်းယူပေးခဲ့ပြီး ဒီဂိုးနဲ့ပတ်သက်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ဆာဘီးယားနဲ့နော်ဝေးတို့ပွဲမှာ နော်ဝေက ဟာလန်းရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီဂိုးဟာ ကွင်းလယ်အနီးတဝိုက်ကနေ ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကတဆင့် အစပြုခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက် ဆာဘီးယားကစားသမားက ဟာလန်းကို ဆွဲလှဲခဲ့တာကြောင့် နော်ဝေတို့ ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ အဲ့ဒီပြစ်ဒဏ်ဘောကို နော်ဝေက လျင်လျင်မြန်မြန်နဲ့ ပြန်လည်စတင်ခဲ့ပြီး ပက်ဒါဆန်ရဲ့ ဖန်တီးပေးမှုကို ဟာလန်းက ချိန်သားကိုက် ပြေးဝင်ပိတ်သွင်းခဲ့တာပါ။

ဒီဂိုးမတိုင်ခင် ဟာလန်းက ပြစ်ဒဏ်ဘောကျူးလွန်ခံခဲ့ရတဲ့ ကစားသမားဆိုပေမယ့် ပြိုင်ဘက် ဂိုးဧရိယာအတွင်းကို (၆) စက္ကန့်အတွင်း အရောက်ပြေးပြီး အသင်းဖော်ရဲ့ ဖန်တီးပေးမှုကို အမှားအယွင်းမရှိ ချိန်သားကိုက် အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ လာမယ့် ဇူလိုင် (၁) မှာ မန်စီးတီးရဲ့ တရားဝင်ကစားသမားဖြစ်လာတော့မှာပါ။
ဒီကစားသမားရဲ့ ကြံ့ခိုင်မှုပိုင်း၊ လျင်မြန်မှု၊ အဆုံးသတ်စွမ်းရည်တွေက မန်စီးတီးက ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့ ပေါင်းစပ်လိုက်ရင် ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်အတွဲဖြစ်လာနိုင်ပါတယ်။ ဒီဘရိုင်းကိုယ်တိုင်ကလည်း ဟာလန်းနဲ့ပတ်သက်လို့ ယုံကြည်ချက်အပြည့်ရှိနေကြောင်း ပြောကြားထားပါတယ်။
နော်ဝေးအတွက် ဟာလန်းရဲ့သွင်းဂိုးအပေါ်မှာလည်း ပရိသတ်တွေက “နောက်ကျမှ စပြေးတယ်၊ ပြိုင်ဘက်ဗဟိုခံစစ်ကို ဖောက်ထွက်ပြီး အဆင်သင့်ပိတ်သွင်းနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းကတော့ လာမယ့်ရာသီ ဂိုးဖန်တီးမှု စံချိန်ချိုးတော့မှာပဲ” “ဒီပုံစံနဲ့သာဆိုရင်တော့ မန်စီးတီးတို့ လာမယ့်ရာသီ ဂိုး (၁၅၀) လောက် သွင်းနိုင်တော့မှာပဲ” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။