ဘလွန်းဒီအော်ဆုအတွက် ဘန်ဇီမာက သံသယဖြစ်စရာမရှိပါဘူးဆိုတဲ့ မက်ဆီရဲ့ စကားကြောင့် အများကြီး စိတ်အားတက်ရတယ်လို့ ရီးရဲလ်မက်ဒရစ်နဲ့ပြင်သစ်တိုက်စစ်မှူးကြီး ဘန်ဇီမာက ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ဘလွန်းဒီအော်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး ဘလွန်းဒီအော် (၇) ကြိမ်ဆုရှင်တယောက်လည်းဖြစ်ပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ စပိန်စူပါကိုပါဖလား၊ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာလည်း ရီးရဲလ်မက်ဒရစ်အတွက် အဓိကကျတဲ့သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့နောက် ဘန်ဇီမာကို ဘလွန်းဒီအော်အတွက် တစ်ပေးရွေးချယ်နေကြပါတယ်။

ဒီအတွက် ဘလွန်းဒီအော်အများဆုံးရရှိထားတဲ့ မက်ဆီကို မေးမြန်းခဲ့ရာမှာတော့ မက်ဆီက ဘန်ဇီမာနဲ့ ဘလွန်းဒီအော်ထိုက်တန်တယ်ဆိုတာ သံသယဖြစ်စရာအကြောင်းမရှိပါဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုမျိုး မက်ဆီရဲ့စကားကြောင့် ဘန်ဇီမာက ဝမ်းသာကျေနပ်နေပုံရပြီး အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
ဘန်ဇီမာက “မက်ဆီပြောတဲ့စကားတွေကို ကျနော်ကြားတာပေါ့ဗျာ။ သူ့လို ကစားသမားတယောက်ဆီက ဒီလိုမျိုး စကားတွေကို ကြားရတာ ကျနော်လုပ်စရာရှိတာတွေကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ဖို့အတွက် အများကြီး စိတ်ခွန်အားဖြစ်စေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဘလွန်းဒီအော်ဆုကို မက်ဆီအစား လီဝန်ဒေါစကီးက ရသင့်တယ်လို့ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ဒီနှစ်မှာလည်း ဘန်ဇီမာရဲ့ ဘလွန်းဒီအော်ဆုကို အခြားတယောက်ယောက် ဓားပြတိုက်သွားမှာကို ပရိသတ်တွေ စိုးရိမ်နေရပါတယ်။ ဒါပေမယ့်လည်း ဘန်ဇီမာရဲ့ တဦးချင်းစွမ်းဆောင်ရည်၊ အသင်းနဲ့အတူ အောင်မြင်မှုတွေကြောင့် ဘန်ဇီမာကသာ ဒီနှစ် ဘလွန်းဒီအော်နဲ့ ချွင်းချက်မရှိ ထိုက်တန်တဲ့ ကစားသမားလို့ဆိုရမှာပါ။