မက်ဆီဟာ PSG ကို ရောက်ရှိပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ပြိုင်ပွဲစုံမှာ သွင်းဂိုးတစ်ဂိုးသာ သွင်းထားရသေးတာပါ။ ဒီတော့ မက်ဆီ PSG မှာ မပျော်မရွှင်ဖြစ်နေပြီး ရုန်းကန်နေရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒီအပေါ်မှာတော့ မက်ဆီက “PSG က ကျွန်တော့်ကို သူတို့ဆီ လာဖို့ အခွင့်အရေးပေးခဲ့ပြီး ကျွန်တော်တို့ အားလုံးလည်း စိတ်ဓာတ်တက်ကြွခဲ့ပါတယ်”

“PSG လို ထိပ်တန်းအသင်းတစ်သင်းအတွက် ကစားရမှာက အရမ်းကို စိတ်လှုပ်ရှားစရာပါ။ ခင်ဗျား ဒီမှာဆိုရင် ချန်ပီယံဆုတွေ အများကြီးရနိုင်မယ်၊ လာမယ့်နှစ်တွေမှာလည်း ကျွန်တော် မျှော်လင့်ထားတဲ့ ဆုဖလားတွေကို ရနိုင်တယ်လေ။ အခြားအသင်းတွေဆီက ကမ်းလှမ်းမှုတွေလည်းရခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့စီမံကိန်းတွေက ကျွန်တော့်ကို ဆွဲဆောင်ခဲ့တာပါ”

“ကျွန်တော့်ဘဝအတွက် အတွေ့အကြုံအသစ်ပါ။ ကြီးမားတဲ့ အပြောင်းအလဲလည်းဖြစ်ခဲ့ပါတယ်။ ကျွန်တော် အသင်းကိုရောက်တည်းက သူတို့က ကျွန်တော့်ကို ချစ်ခင်ကြောင်း ပြသခဲ့ပါတယ်။ ကျွန်တော့်ကိုလည်း ဂရုတစိုက်ရှိပြီး ဒီအတွက် ကျွန်တော် ကျေးဇူးတင်ရသလို အသင်းမှာရှိနေတဲ့အတွက်လည်း ပျော်ရွှင်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
PSG မှာ စပိန်စကားပြောတဲ့သူတွေ များစွာရှိနေပြီး နေမာ၊ ပါရီဒက်စ်၊ ဒီမာရီယာ၊ ပိုချက်တီနိုတို့လည်း ပါတယ်လို့ဆိုပါတယ်။ ဒီအပေါ်မှာ မက်ဆီက “ကျွန်တော်တို့က အစကနေ ပြန်စရတဲ့အတွက် မလွယ်ကူပါဘူး။ ဒါပေမယ့် အဝတ်လဲခန်းထဲမှာ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိတာက ကိစ္စတွေကို ရိုးရိုးရှင်းရှင်းဖြစ်စေပါတယ်။ နေမာ၊ ပါရီဒက်စ်၊ ဒီမာရီယာ သူတို့အားလုံး ကျွန်တော့်ကို ကူညီခဲ့ကြပါတယ်”
“ပိုချက်တီနိုလည်း အတူတူပါပဲ။ ကျွန်တော်တို့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိထားပြီး ဒီမှာ ချန်ပီယံဆုတွေလည်း ဆွတ်ခူးချင်ပါတယ်။ ဒါက ဘုံရည်ရွယ်ချက်တစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာမှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာဆိုတဲ့ MSN အတွဲနဲ့ ခြေစွမ်းပြခဲ့သလို အခု PSG မှာလည်း မက်ဆီ၊ အမ်ဘာပေ၊ နေမာဆိုတဲ့ MMN ဆိုတဲ့ တိုက်စစ်အတွဲရှိနေပါပြီ။
ဒီတိုက်စစ်နှစ်တွဲအပေါ်မှာလည်း မက်ဆီက “အဓိကကွာခြားချက်က အသက်အရွယ်ပါပဲ။ ကျွန်တော်တို့က ဘာစီလိုနာမှာတုန်းက ပိုငယ်တာပေါ့။ အခုတော့ အမ်ဘာပေက အငယ်ဆုံးပါ။ သူနဲ့ ဆွာရက်ဇ်ကလည်း ကွဲပြားခြားနားတဲ့ ကစားသမားတွေပါ။ ဆွာရက်ဇ်က လုံးဝကို ကျောနံပါတ် (၉) စစ်စစ်ပါ”
“သူက တိုက်စစ်ရဲ့ထိပ်ဆုံးနေရာမှာ နေရာယူပြီး ဂိုးတွေအများကြီး သွင်းလေ့ရှိပါတယ်။ အမ်ဘာပေကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ သူက အရမ်းကိုမြန်ဆန်တယ်၊ ခင်ဗျား သူ့ကို နေရာလွတ်သာ သွားပေးရင် သူက ခင်ဗျားကို ကောင်းကောင်းဒုက္ခပေးလိမ့်မယ်။ သူတို့နှစ်ယောက်လုံးက တကယ့်ကို အံ့မခန်းကစားသမားတွေပါ” လို့ ပြောကြားသွားခဲ့ပါတယ်။