ဥက္ကဌ လာပေါ်တာက ဘာစီလိုနာတို့ နေမာကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့တုန်းက မအောင်မြင်ခဲ့တာ အသင်းအတွက် ကောင်းတဲ့အရာဖြစ်တယ်လို့ဆိုပါတယ်။

ဘာစီလိုနာဟာ (၂၀၁၇) မှာ PSG ထံ လက်လွှတ်ခဲ့ရတဲ့ နေမာကိုပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး လက်ရှိအချိန်မှာ အခုလိုပဲ ဖွင့်ဟလာခဲ့တာပါ။ နေမာဟာ (၂၀၁၇) နွေရာသီ အပြောင်းအရွှေ့မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂) သန်းနဲ့ PSG ကို ပြောင်းရွှေ့ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း အပြောင်းအရွှေ့ရာသီရောက်တိုင်း “နေမာကို ဘာစီလိုနာတို့ ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေပြီ၊ နေမာကလည်း ဘာစီလိုနာကိုပြန်ချင်ပြီ” ဆိုတဲ့ သတင်းတွေ အမြဲတမ်း ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဘာစီလိုနာကစားသမား မက်ဆီကသာ နေမာရှိတဲ့ PSG ကို ပြီးခဲ့တဲ့နွေရာသီက ပြောင်းရွှေ့သွားခဲ့ပါတယ်။
လာပေါ်တာက “ကိန်းဂဏန်းအချက်အလက်တွေအရ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ နေမာကိုပြန်ခေါ်သင့်တယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သေချာ ဝီရိယမစိုက်ထုတ်ခဲ့ပါဘူး။ နေမာကလည်း ဘာစီလိုနာကို ပြန်လာချင်တယ်၊ သူ ပဲရစ်မှာလည်းဆက်မနေနိုင်တော့ဘူး၊ PSG က သူ့ကိုထွက်ခွင့်ပေးအောင် တောင်းဆိုနေတယ်ဆိုပြီး ကျွန်တော်တို့ ကြားခဲ့ပါတယ်”
“ဒါပေမယ့် ဒါက ဘောလုံးလောကပါ။ ဘယ်သူဘယ်ဝါပဲဖြစ်နေပါစေဦး၊ အကောင်းဆုံး ကမ်းလှမ်းမှုက နောက်ဆုံးမှာ အနိုင်ရတာပါပဲ။ သူ့ကို ပြန်မခေါ်ဖြစ်ခဲ့တာလည်း ကောင်းပါတယ်။ ပြန်ခေါ်ဖြစ်ခဲ့ရင်လည်း သူက အသင်းကို အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး”
“နေမာကတော့ ပိုက်ဆံတွေအများကြီးရနိုင်ပါတယ်။ ဒါပေမယ့် သူ့ကိုမခေါ်ဖြစ်ခဲ့တာပဲ ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ နေမာဟာ (၂၀၁၃) မှာ ဘရာဇီးကလပ် ဆန်းတို့စ်ကနေ ဘာစီလိုနာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် (၁၈၆) ပွဲကစား၊ (၁၀၅) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာကစားသမားဘဝမှာ နေမာက လာလီဂါချန်ပီယံဆု (၂) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ရဲ့ MSN တိုက်စစ်အတွဲက ကမ္ဘာ့အကောင်းဆုံးဖြစ်ခဲ့ဖူးပါတယ်။