မေဂျာလိဂ်က အခြားသော အသင်းပိုင်ရှင်တွေဟာ မက်ဆီတစ်ယောက် အင်တာမိုင်ယာမီမှာ ကစားရင်း Apple TV တို့လိုမျိုး နေရာတွေကနေ ဝင်ငွေခွဲယူရပိုင်ခွင့်ရှိတဲ့အပေါ် စိုးရိမ်မကင်းဖြစ်နေကြကြောင်း သိရှိရပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီရဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပြီး သူ့ရဲ့ စာချုပ်မှာလည်း မက်လောက်စရာ အချက်အလက်တွေ ပါဝင်နေတာပါ။

မက်ဆီဟာ ကွင်းတွင်း လစာငွေအပြင် ကွင်းပြင်ပ ဝင်ငွေတွေလည်း အမြောက်အမြားရရှိမှာဖြစ်ပြီး မေဂျာလိဂ်ပွဲတွေကို တရားဝင် ထုတ်လွှင့်ပြသခွင့်ရရှိထားတဲ့ Apple TV ဆီကနေလည်း ဝင်ငွေတွေ ရရှိသွားဦးမှာဖြစ်ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီမှာ တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ သန်း (၅၀) နဲ့ သန်း (၆၀) ကြား ရရှိမှာပါ။

ဒီလိုမျိုး အနေအထားအပေါ်မှာ နာမည်မဖော်လိုတဲ့ အသင်းပိုင်ရှင်တစ်ယောက်က “လိဂ်ကို ဒီလိုပုံစံမျိုးနဲ့ ပြောင်းလဲနိုင်တာက စဥ်းစားရုံနဲ့တင် ပျော်ဖို့ကောင်းနေပါပြီ။ ဒါပေမယ့် ခင်ဗျားတို့ လက်တွေ့မမြင်ရတဲ့ အပြောင်းအရွှေ့ သဘောတူညီမှုမှာ ဘာတွေရှိနေမှန်းမသိဘဲ ဘယ်လို သိအောင်လုပ်ရမယ်ဆိုတာကိုလည်း လမ်းမမြင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
မေဂျာလိဂ်ကို ရုပ်သံထုတ်လွှင့်ဖို့အတွက် လိဂ်တာဝန်ရှိသူတွေနဲ့ Apple TV ဝာာဝန်ရှိသူတွေအကြား (၁၀) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပါတယ်။ မက်ဆီနဲ့ပတ်သက်လို့ မေဂျာလိဂ်ကလပ်ရဲ့ အကြီးအကဲတွေဟာ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ အစည်းအဝေးမှာ မက်ဆီရဲ့ အပြောင်းအရွှေ့ကိစ္စရပ်ကသာ အရေးကြီး အကြောင်းအရာအဖြစ် နေရာယူခဲ့ပါတယ်။
မက်ဆီဟာ လာမယ့် ဇူလိုင်လ (၂၁) ရက်နေ့မှာ ကစားမယ့် လိဂ်ဖလားပွဲစဥ်မှာ အင်တာမိုင်ယာမီ ကစားသမားဘဝ ပထမဆုံးပွဲကို ပါဝင်ကစားပေးသွားဖို့ မျှော်လင့်ထားရပါတယ်။ ဒီနေ့မှာ ပြုလုပ်မယ့် မက်ဆီရဲ့ မိတ်ဆက်ပွဲအခမ်းအနားကိုတော့ အင်တာမိုင်ယာမီရဲ့ တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားသူတွေက အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။