PSG နည်းပြ ပိုချက်တီနိုက လက်ရှိ (၂၀၂၁) Ballon d’Or ဆုကို မက်ဆီ ဆွတ်ခူးမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

အသက် (၄၉) နှစ်အရွယ် ပိုချက်တီနိုက မက်ဆီက သူ့အသင်းက ကစားသမားမို့လို့ ဒီလိုပြောတာမဟုတ်ကြောင်း၊ သူ့အသင်းက ကစားသမားမဟုတ်သည့်တိုင် မက်ဆီကိုပဲ ကမ္ဘာ့အကောင်းဆုံးအဖြစ် ရွေးချယ်မှာဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လိုင်ယွန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်ဆီကို လူစားလဲခဲ့တာကြောင့် ပိုချက်တီနိုနဲ့ မက်ဆီတို့အကြား ကတောက်ကဆဖြစ်ပွားခဲ့သေးတာပါ။
ဒါပေမယ့်လည်း Ballon d’Or အတွက် သူ့ရဲ့အမြင်တွေကို မေးမြန်းခဲ့ရာမှာတော့ ပိုချက်တီနိုက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “Ballon d’Or ဆုက မက်ဆီအတွက်ပဲဖြစ်သင့်ပါတယ်ဗျာ။ ဒီအတွက် ဘာမှသံသယဖြစ်စရာမရှိပါဘူး”
“တကယ်လို့ ကျွန်တော်က လက်ရှိအချိန်မှာ မက်ဆီရဲ့နည်းပြတစ်ယောက်မဟုတ်လည်း မက်ဆီပဲရသင့်တယ်လို့ ပြောဦးမှာပါ။ ကျွန်တော့်ရဲ့ ဒီအဖြေက နှလုံးသားထဲကလာတဲ့ အဖြေပါ။ ကျွန်တော်က စိတ်ထဲရှိတဲ့အတိုင်းပဲ အမြဲတမ်းပြောလေ့ရှိပါတယ်။ မက်ဆီရဲ့နောက်မှာတော့ လီဝန်ဒေါစကီး၊ ရော်နယ်ဒိုတို့က အစဥ်လိုက် ရပ်တည်သင့်ပါတယ်” လို့ ပိုချက်တီနိုက ပြောကြားသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာညမှာ (၂၀၂၁) Ballon d’Or အတွက် ဆန်ခါတင်ကစားသမားအယောက် (၃၀) စာရင်းကို ထုတ်ပြန်ခဲ့ပြီးနောက် မက်ဆီက ဒီဆုကို (၇) ကြိမ်မြောက်ဆွတ်ခူးဖို့ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၀) မှာတော့ ကိုဗစ်ပြဿနာကြောင့် ဆုပေးပွဲမကျင်းပဖြစ်ခဲ့ဘဲ အဲ့ဒီနှစ်က ခြေစွမ်းပြခဲ့တဲ့ လီဝန်ဒေါစကီးက ဒီနှစ်မှာလည်း မက်ဆီနဲ့အပြိုင် ရေပန်းစားနေဆဲဖြစ်ပါတယ်။