မြန်မာနိုင်ငံမှာ သူနာပြုအရေအတွက်ဟာ လိုအပ်တာထက်လျော့နည်းနေသေးတာကြောင့် ၂၀၁၈ ခုနှစ်မှာ သူနာပြုကျောင်းတွေကနေသူနာပြုသင်တန်းသားပေါင်း ၃၆၀၀ လောက် ခေါ်ဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကသိရပါတယ်။

Photo - Ministry of Health And Sports
သူနာပြုသင်တန်းကျောင်းတွေမှာ အရင်နှစ်တွေက နှစ်စဉ်သင်တန်းသား ၁၈၀၀ ဦးပဲ ခေါ်ယူပေမယ့် သူနာပြုလိုအပ်ချက်အရ အရင်နှစ်ကထက် ၂ ဆတိုးပြီး သင်တန်းတွေပေးပြီး ခေါ်ယူလေ့ကျင့်ဖို့ ညွှန့်ကြားထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက စက်တင်ဘာ ၉ ရက်နေ့က သူနာပြုတက္ကသိုလ် (ရန်ကုန်) မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ပထမအကြိမ် စုံညီအစည်းအဝေး မှာ ပြောဆိုလိုက်တာပါ။
"သူနာပြုနဲ့ သားဖွားတွေဟာလည်း တခြားကျန်းမာရေးဝန်ထမ်းတွေလိုပဲ အရေးကြီးတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကို အမြန်ဆုံးဖြည့်ဆည်းဖို့လုပ်ရပါမယ်။"လို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။
သူနာပြုနဲ့ သားဖွားဖက်မှာ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး သူနာပြု၊ သားဖွားဒီပလိုမာသင်တန်း၊ အထူးပြုသူနာပြု ဒီပလိုမာ သင်တန်း၊ သူနာပြုသိပ္ပံ (ပေါင်းကူး) Off-Campus Program၊ သူနာပြုသိပ္ပံ (ပေါင်းကူး) On-Campus Program၊ သူနာပြုသိပ္ပံသင်တန်း တွေနဲ့ သင်ကြားပေးနေတယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ဥပဒေကို (၂၀၁၅) ခုနှစ်၊ မေလ (၁၉) ရက်နေ့ကနိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ပြဌာန်းခဲ့ပြီး နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှာဗဟိုကောင်စီဝင် (၆၀) ဦးကို ရွေးချယ်တင်မြှောက်ခန့်အပ်ထားပါတယ်။