မန္တလေးမြို့က ဝိန့်လီရွှေဆိုင်ကို ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ညနေ ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
" ညနေ ၅ ခွဲလောက်ကဖြစ်တာ။ လူတွေလည်းအများကြီးပဲရှိနေတာ၊ရွှေတွေပါသွားပါတယ်၊ ဆိုင်ကယ်နှစ်စီး နဲ့လာတိုက်သွားတာ သေနတ်ပါပါတယ်၊ဆိုင်က လမ်း 80/29 လမ်း ထောင့်ကပါ။ လူတွေအများကြီးကြားထဲကပဲ ဆိုင်ကယ်မောင်းထွက်သွားတာ " လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ ဆိုင်က မန္တလေးမြို့ ၊ အမှတ် ၄၇၆ ၊လမ်း ၈၀ ၊၂၉ - ၃၀ လမ်းကြား မှာဖွင့်လှစ်ထားတဲ့ ဝိန်လီရွှေဆိုင် ၁ ဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ ဝိန့်လီရွှေဆိုင် မှာ ရဲတပ်ဖွဲ့ရောက်ရှိနေပြီး စစ်ဆေးမှုတွေပြုလုပ်နေကြောင်း၊ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေတွေပါသွားတာမှန်ကန်ကြောင်း၊ လူထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိဘူးလို့ ဝိန့်လီရွှေဆိုင်ဘက်က သိရပါတယ်။
နောက်ထပ် ရရှိတဲ့သတင်းများအရ ဓားပြတိုက်သူတွေဟာ ဆိုင်အတွင်းရှိ ရွှေအရောင်း မှန်ကောင်တာ ၇ ခုကို တူနဲ့ရိုက်ခွဲပြီး ကောင်တာအတွင်းက ၁၅ပဲရည် အခေါက် ရွှေဆွဲကြိုး ၁၆၅ ကုံး၊ ၁၅ပဲရည် လက်ကောက် ၆ကွင်း၊ အခေါက် ဟမ်းချိန်း ၁၅ခု၊ ၁၅ ပဲရည် ဟမ်းချိန်း ၃၉ ခု၊ ၁၄ ပဲရည် စိန်လက်ကောက် ၁၁ ကွင်း၊ စိန်ဆွဲသီး ၅ ခု၊ ၁၄ပဲရည် ဆွဲကြိုး ၁၅ ကုံး၊ စုစုပေါင်းတန်ဖိုး သိန်း ၁၅၀၀၀ ခန့် ကို ယူဆောင်သွားတဲ့အပြင် ရွှေလာရောက် ဝယ်ယူသူ အမျိုးသမီး ထံမှလည်း ငွေ ၁၀ သိန်း တောင်းယူခဲ့တယ်လို့သိရပါတယ်။ ဝိန့်လီရွှေဆိုင် ဓားပြတိုက်ခံရမှုကို အမျိုးသား ၆ ဦးက ဆိုင်ကယ် ၃ စီးနဲ့ ကျူးလွန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း မန္တလေးမြို့မှာ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးအိမ်ရာက မြေညီထပ်ရှိ ကုမ္ပဏီရုံးခန်းတစ်ခုမှာလည်း ငွေကျပ်သိန်း ၃၀၀၀ ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။