မန္တလေးအထမ်းမြီးရှည်၊ ခိုတောင်မုန့်တီနဲ့ မန္တလေးမုန့်တီတို့ဆိုတာ မန္တလေးနဲ့ ဘယ်တော့မှ ခွဲလို့ မရတဲ့အစားအစာတွေ ဖြစ်ပါတယ်။ ရန်ကုန်မှာနေပြီး ဒီလိုမျိုးမန္တလေးမုန့်တီမျိုးစုံကို မန္တလေး မူလအရသာ စစ်စစ်အတိုင်း စားချင်တဲ့သူတွေအတွက် ဒီတစ်ပတ်မှာ "ကွီးလက်ရာ" ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ကွီးလက်ရာမှာ မန္တလေးအရသာစစ်စစ်ရနိုင်တယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ
ရန်ကုန်မြို့မှာ မန္တလေးမနက်ခင်းအစားအသောက်တွေ ရောင်းချတဲ့ ဆိုင်မျိုးစုံ တွေ့နိုင်ပေမယ့် ကွီးလက်ရာဆိုင်လေးကတော့ တစ်နှစ်ကျော်အတွင်းမှာ မန္တလေးလက်ရာ စစ်စစ် ရနိုင်တဲ့ ဆိုင်လေးဆိုပြီး လူသိများ နာမည်ကျော်ခဲ့တဲ့ဆိုင်လေးဖြစ်ပါတယ်။ ဒီလိုနာမည်ကျော်လာရတဲ့လျို့ဝှက်ချက်ကတော့ ကွီးလက်ရာမှာ ရနိုင်တဲ့ မန္တလေးမုန့်တီ၊ ခိုတောင်မုန့်တီနဲ့ မန္တလေးအထမ်းမြီးရှည်မှာ ပါဝင်တဲ့ မုန့်ဖတ်တွေ ဖြစ်တဲ့ နန်းကြီး၊နန်းလတ်နဲ့ နန်းသေးမျိုးစုံကို မန္တလေးမြို့ကနေ တိုက်ရိုက်မှာယူတာဖြစ်ပြီး အသုပ်မှာပါဝင်တဲ့ အနှစ်တွေကိုလည်း မန္တလေးလက်ရာအစစ်အတိုင်း ဖော်စပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က အွန်လိုင်းကနေ မန္တလေးအစားအစာကို ဖောက်လိုက်တော့ တချို့တွေကလည်း မန္တလေးအစားအစာကြိုက်လို့ လာစားကြသလို မသိတဲ့သူတွေလည်း လာစမ်းစားကြည့်တဲ့အခါမှာ ကြိုက်သွားတာတွေ ရှိတယ်။ အဓိကက မုန့်ဖတ်အရည်အသွေးကို ထိန်းထားတာပါ။ မန္တလေးမုန့်တီတွေကို ရန်ကုန်က နန်းဖတ်တွေနဲ့ မရောင်းပါဘူး။ ဒီကနန်းဖတ်တွေနဲ့ သုပ်တဲ့အခါမှာ အရသာက သိသိသာသာကြီးကွာသွားတာပါ။ ဒီက မုန့်ဖတ်တွေနဲ့ စားတဲ့အခါ မာမာကြီးဖြစ်နေတဲ့ အတွက် မန္တလေးအရသာလုံးဝမရပါဘူး။ ကျွန်တော်တို့က မန္တလေးမုန့်ဖတ်စစ်စစ်ကိုပဲ သုံးတယ်။ ဆီကိုလည်း ပဲဆီစစ်ပဲ သုံးပါတယ်။ မုန့်တီဆိုလည်း ဆီများများ ပဲမှုန့်နိုင်နိုင်နဲ့သွားရတာဆိုတော့ ပဲမှုန့်ကအစ မန္တလေးက ပဲ တိုက်ရိုက်မှာပြီး သုံးတာဖြစ်ပါတယ်” လို့ ကွီးလက်ရာ ဆိုင်ရှင် ကိုကောင်းထက်က ပြောပြပါတယ်။
ကွီးလက်ရာမှာ ရနိုင်တဲ့ မန္တလေးအထမ်းမြီးရှည်နဲ့ ခိုတောင်မုန့်တီသမိုင်းကြောင်း
ကွီးလက်ရာမှာ နာမည်အကြီးဆုံးနဲ့လူကြိုက်အများဆုံးကတော့ မန္တလေးအထမ်းမြီးရှည်၊ ခိုတောင်မုန့်တီဆိုတာ သမိုင်းရာဇဝင်တွင်ခဲ့တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ မန္တလေးအထမ်းမြီးရှည်ဆိုတာ အရင်ခေတ်တွေတုန်းက မန္တလေးမြို့မှာ အထမ်းသည်လေးတွေ လိုက်ရောင်းနေကျအစားအစာပါ။
ဒီနေ့ခတ်မှာတော့ မြို့ကြီးတွေမှာ အထမ်းသည်တွေ တဖြည်းဖြည်းနည်းပါးလာပြီး ဆိုင်တွေမှာ အထူးရောင်းချနေတဲ့ မနက်စာ၊ နေ့လယ်စာအဖြစ် စားသုံးလာကြတဲ့ မန္တလေးမြို့ရဲ့ အထင်ကရ အစားအစာတစ်ခုဆိုရင်လည်း မမှားပါဘူး။ မြီးရှည်လို့ ပြောတဲ့အခါ ရှမ်းပြည်က မြီးရှည်နဲ့ မန္တလေးမြီးရှည်ဆိုပြီးကွဲပြားပါသေးတယ်။
မန္တလေးအထမ်းမြီးရှည်ကတော့ မန္တလေးမြို့က လုပ်တဲ့ မုန့်ဖတ်နဲ့ ပဲငပိရည်နဲ့ တွဲဖက်ပြီး ချဥ်ငံစပ် အရသာလေး သုပ်ထားတဲ့ အစားအစာဖြစ်ပါတယ်။ ခိုတောင်မုန့်တီဆိုတာကလည်း မန္တလေးရဲ့ စားသောက်ဆိုင်တိုင်းလိုလိုမှာ ရနိုင်တဲ့ မန္တလေးက နာမည်ကျော် အစားအစာတစ်ခုဖြစ်ပါတယ်။
ဟိုယခင်တုန်းက စစ်ကိုင်း-မင်းကွန်းကားလမ်းနံဘေးမှာ ရှိတဲ့ ခိုတောင်ရွာက အမျိုးသမီးလေးတွေဟာ ဧရာဝတီမြစ်ကြီးကိုဖြတ်ကာ လှေတတန် ကုန်းတကြောင်းနဲ့ မန္တလေးမြို့ ပေါ်ကို လာေရာင်းချတဲ့ ခိုတောင်မုန့်တီဟာ အခုဆို မန္တလေးမြို့က စားသောက်ဆိုင်တွေအပြင် ရန်ကုန်မှာလည်း အထူးရောင်းချရတဲ့ အစားအစာတစ်ခုဖြစ်လာပါတယ်။ ဒီလိုမျိုး မန္တလေးက အရသာစစ်စစ်အတိုင်း ခိုတောင်မုန့်တီကို ကွီးလက်ရာဆိုင်မှာ ရနိုင်တာဖြစ်ပါတယ်။
မန္တလေးစာတွေအပြင် လူကြိုက်များတဲ့ အစားအစာမျိုးစုံရတဲ့ ကွီးလက်ရာ
ကွီးလက်ရာမှာ မန္တလေးမုန့်တီသုပ်၊ နန်းပြားသုပ် မျိုးစုံရတဲ့အပြင် အချဥ်မပါဘဲစားရင်တောင် စားလို့ကောင်းအောင် အရသာထိထိမိမိလေးနဲ့ ချက်ပြုတ်ထားတဲ့ ဝက်သားဒုတ်ထိုးကလည်း ကွီးလက်ရာဆိုင်မှာ နာမည်ကျော်တဲ့အစားအစာဖြစ်ပါတယ်။ ဒါ့အပြင် အချိုတည်းလို့ရတဲ့ မြန်မာ့မုန့်မျိုးစုံ၊ ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ စီလုံတီးနဲ့ မေမြို့ နှပ်ကော်ဖီဖီပျစ်ပျစ်လေးကလည်း ကွီးလက်ရာမှာ လူကြိုက်များတဲ့ မီနူးတွေ ဖြစ်ပါတယ်။
မန္တလေးအစားအစာသီးသန့်ချည်းပဲ မဟုတ်ဘဲ ကြက်သားပလာတာ၊ ပြည်ထမင်းသုပ်၊ ကော်ရည်ခေါက်ဆွဲ၊ နံရိုးပေါင်းဆီချက်၊ မုန့်ဟင်းခါး၊ အမဲစွပ်ခေါက်ဆွဲ စတဲ့ မနက်ခင်းမှာ ဗိုက်ပြည့်စေမယ့် အစားအစာမျိုးစုံရရှိနိုင်ပါတယ်။ ဒါ့အပြင် နေ့လယ်ခင်းမှာတော့ ဝက်သားချစ်သူတွေအတွက် တစ်ချောင်းစားလိုက်တာနဲ့ အရသာထိထိမိမိလေးခံစားရတဲ့ ဝက်သားဒုတ်ထိုး၊ ဝက်သားဒုတ်ထိုးထမင်းပေါင်း၊ ဝက်လက်ထမင်းပေါင်း၊ ဝက်သားဒုတ်ထိုးကြော် စတဲ့ ဝက်သားကြိုက်တဲ့သူတွေ တစ်ထိုင်တည်း မှာစားလို့ရတဲ့ မီနူးတွေ ဖြစ်ပါတယ်။ စျေးနှုန်းတွေကတော့ အစားအစာတစ်မျိုးကို အနည်းဆုံး ၂၅၀၀ ကနေ အများဆုံး ၃၅၀၀ နဲ့ ရောင်းချပေးနေတာဖြစ်ပြီး တစ်ပွဲတည်းနဲ့ ဝဝလင်လင် စားနိုင်တဲ့ ပမာဏမျိုးဖြစ်ပါတယ်။
ကွီးလက်ရာဆိုင်လေး ဘယ်လိုစတင်ခဲ့သလဲ။
ကွီးလက်ရာဆိုင်လေးကတော့ အစားအသောက် ဝါသနာတူသူငယ်ချင်းနှစ်ယောက် တိုင်ပင်ရင်းနဲ့ ဖွင့်ဖြစ်ခဲ့တဲ့ဆိုင်လေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက ဝက်သားဒုတ်ထိုးစရောင်းဖို့ နေရာလေး လိုက်ရှာကြည့်ခဲ့တာ အဆင်မပြေခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်လောက်မှာတော့ မန္တလေးဘက်က မုန့်ဖတ်တွေ ဝယ်ယူနိုင်တဲ့အဆက်အသွယ်ရခဲ့ရာကနေ အခုလို မန္တလေးလက်ရာ အစားအစာတွေ ရောင်းချဖို့ စီစဥ်ခဲ့တာလို့ သိရပါတယ်။
“ ရန်ကုန်ကလူတွေက မနက်စာကောင်းကောင်းစားချင်တယ်ဆို လက်ဖက်ရည်ဆိုင်ပဲ သွားကြတာများပါတယ်။ ဒါစားချင်လို့ ဒီနေရာသွားရတယ်ဆိုတာမျိုး မရှိဘူး။ ကျွန်တော်တို့က မနက်စာကို အဓိက ဖောက်ခဲ့ပါတယ်။ အွန်လိုင်းမာကတ်တင်း အဓိက လုပ်တယ်။ မန္တလေးလက်ရာစစ်စစ်ကို ရန်ကုန်ကလူတွေ စားစေချင်တယ်” လို့ ဆိုင်ရှင် ကိုကောင်းထက်က ပြောပါတယ်။
စစချင်းမှာတော့ ပြည်သာယာဘက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အဲဒီအချိန်တုန်းက ကိုဗစ်ဒုတိယလှိုင်းကြောင့် အခက်အခဲတွေ များစွာ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဖွင့်ဖွင့်ချင်းမှာပဲ ထင်ထားတာထက် ရောင်းအားတက်ခဲ့ကာ တဖြည်းဖြည်းနဲ့ ဆိုင်ခွဲတွေ ဖွင့်လှစ်နိုင်တဲ့ အခြေအနေအထိ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်က အရင်က Hotel မှာ Sales ပိုင်းကလာတဲ့သူဆိုတော့ ဒီအလုပ်က ကိုယ်ကျွမ်းကျင်တဲ့အလုပ်မဟုတ်တော့ စစချင်းမှာ အခက်အခဲလေးတွေ ကြုံခဲ့ပါတယ်။ လူကျလာတဲ့အခါ Kitchen ပိုင်းမှာ မနိုင်တဲ့ ပြဿနာလေးတွေ၊ ပစ္စည်းအထားအသိုကက အစ၊ အော်ဒါကျလာတဲ့အခါ မနိုင်တဲ့ကိစ္စတွေ ဖြစ်တာမျိုးတွေ ကြုံရတယ်။ စစဖွင့်ချင်းမှာ အခက်အခဲတွေမျိုးစုံကြုံခဲ့ရပေမယ့် ဒီလိုအခက်အခဲတွေကို တဖြည်းဖြည်းနဲ့ ဖြေရှင်းလာနိုင်ခဲ့ပါတယ်” လို့ ဆိုင်ရှင် ကိုကောင်းထက် ပြောပါတယ်။
ဆိုင်ခွဲတွေ ဖွင့်လှစ်သွားဦးမယ့် ကွီးလက်ရာ
ကွီးလက်ရာဆိုင်ကို ယခုလက်ရှိမှာ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း၊ ကျိုက်ကဆံစူပါဝမ်းအနီး၊ ILBC ကျောင်း ရှေ့တည့်တည့်မှာ နေ့စဥ် မနက် ၆ နာရီခွဲကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပြီး ဆိုင်ခွဲတွေအနေနဲ့ အမှတ် ၅၂၉, ဦးဝိစာရလမ်း၊ ၃၄ ရပ်ကွက်, မြောက်ဒဂုံမြို့နယ်နဲ့ အမှတ် ၁/၂ သံသုမာလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ ယခုလအတွင်း ထပ်မံဖွင့်လှစ်သွားဦးမှာဖြစ်ပါတယ်။
က
ွီးလက်ရာဆိုင်ကို အကျိူးတူ ပူးပေါင်းဖွင့်လှစ်လိုသူတွေကိုလည်း နယ်မြို့ကြီးတွေမှာ ဖွင့်လှစ်ခွင့်ပေးဖို့ အစီအစဥ် ရှိတယ်လို့သိရပါတယ်၊ ဒါကြောင့် ရန်ကုန်မှာနေပြီး မန္တလေးလက်ရာစစ်စစ် မုန့်တီတွေစားချင်တယ်ဆိုရင်တော့ ကွီးလက်ရာဆိုင်ကို တစ်ခါလောက် လာမြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။