လီဗာပူးကတော့ မနေ့ညက ကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ကာတစ်ဂျုံးစ်၊ အာနိုးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးတို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နယူးကာဆယ်၊ ယူနိုက်တက်တို့ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးက ဂတ်ပို၊ ဆာလာ၊ ဒီယက်ဇ်တို့နဲ့ တိုက်စစ်ပိုင်းက လူစုံခဲ့သလို အာနိုးလ်၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်ချ်၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ အယ်လစ်ဆန်တို့လည်း ပွဲထွက်ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ ကာတစ်ဂျုံးစ်က နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဆာလာကလည်း လီဗာပူးရရှိခဲ့တဲ့ ဂိုးအားလုံးမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီနောက်ပိုင်းပွဲစဥ်တွေမှာ ဆက်တိုက်ခြေစွမ်းပြနေတဲ့ အာနိုးလ်ကလည်း ဒီပွဲမှာ ဖရီးကစ်ကတစ်ဆင့် သွင်းဂိုးတစ်ဂိုးကို လှလှပပသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးတို့ အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး နယူးကာဆယ်၊ ယူနိုက်တက်တို့ထက် တစ်ပွဲပိုကစား၊ (၁) မှတ်အကွာနဲ့ ဖိအားပေးလျက်ရှိပါတယ်။
လီဗာပူးအနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရချင်တယ်ဆိုရင်တော့ လက်ကျန်နှစ်ပွဲဖြစ်တဲ့ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်တို့နဲ့ပွဲတွေမှာ သေချာပေါက် အနိုင်ကစားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အပေါ်က နယူးကာဆယ်၊ ယူနိုက်တက်တို့ ခြေချော်ဖို့ကိုလည်း စောင့်မျှော်ရမှာဖြစ်ပါတယ်။
တစ်ဖက်က လက်စတာကတော့ ဒီရှုံးပွဲကြောင့် တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ခက်ခဲသွားခဲ့ပါတယ်။ လက်ကျန်ပွဲတွေမှာလည်း နယူးကာဆယ်၊ ဝက်စ်ဟမ်းတို့လို အသင်းတွေနဲ့ ကစားရမှာဖြစ်တာကြောင့် ချန်ပီယံဟောင်း အသင်းကို လာမယ့်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ မြင်တွေ့ခွင့်ရဖို့ တော်တော်လေး ရာခိုင်နှုန်းနည်းသွားပြီလို့ဆိုရမှာပါ။