မို့မို့မြင့်အောင်က ရုပ်ရှင်လောက အောင်မြင်သလို ဗီဒီယိုလောကလည်း အောင်မြင်စေချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် သူမ အောင်မြင်ခဲ့တုန်းက ဗီဒီယိုကားတွေ မရိုက်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြလာပါသေးတယ်။

Photo: Mote Mote Aung
သရုပ်ဆောင်အကယ်ဒမီများရှင် မို့မို့မြင့်အောင်က တက်သစ်စ အနုပညာရှင်ငယ်လေးတွေအတွက် ဗီဒီယိုဈေးကွက်ကို ပြန်လည် ဦးမော့လာစေချင်တဲ့ ဆန္ဒကို ပြောပြခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးတဲ့နေရာမှာ ပံ့ပိုးပေးမယ့် သူတွေကလည်း ဗီဒီယိုဈေးကွက်ရှိမှ အဆင်ပြေနိုင်မယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
Photo: Mote Mote Aung
မို့မို့မြင့်အောင်ဟာ တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရှားပါးခဲ့တဲ့ အချိန်တုန်းကတည်းက ရုပ်ရှင်ဇာတ်ကားတွေပဲ သီးသန့်ရိုက်ခဲ့တဲ့ အကြောင်းတွေကို ‘’လှပ်၍လွင့်သော’’ ရုပ်ရှင်ကားကြီး အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’မမို့တို့ခေတ်တုန်းက ဇာတ်ကားကြီးက အင်မတန်ရှားပါတယ်။ ကား ဇယားချလိုက်လို့ရှိရင် မမို့ကားတွေက အများဆုံးပဲ။ မမို့တို့ခေတ်တုန်းက ကားကြီးတစ်ကားကို ၁၅ ရက်၊ နယ်မှာရိုက်ရင် ရက် ၂၀ ပေးရတယ်။ တစ်လကို ၂ ကားပဲ ရိုက်ရတယ်၊ တစ်နှစ်မှာ ဘယ်နှကားမှ မရိုက်ရဘူး။ မမို့ ရိုက်ရက်ရဖို့ တစ်နှစ်ခွဲစောင့်ရတယ်၊ အဲဒါကြောင့် မမို့က ဗီဒီယို လုံးဝ ရိုက်လို့မရဘူး၊ ဗီဒီယိုရိုက်ရက်ရပြီးလည်း နောက်တစ်ကားအတွက် တစ်နှစ်ခွဲပြန်စောင့်ရတာဆိုတော့ ဗီဒီယိုလည်း မရိုက်ဖြစ်တော့ဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Mote Mote Myint Aung
မို့မို့မြင့်အောင်ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။
photo: Mote Mote Myint Aung
အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။