နိုင်ဂျီးရီးယားနိုင်ငံမှာ သက်တမ်းကုန် COVID-19 ကာကွယ်ဆေး Oxford-AstraZeneca အလုံးရေ တစ်သန်းခန့်ကို ဖျက်ဆီးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုင်ဂျီးရီးယားအနေနဲ့ သက်တမ်းကုန်ရက်နီးနေတဲ့ ကာကွယ်ဆေးတွေကို လက်ခံသွားတော့မှာ မဟုတ်ကြောင်းလည်း ၎င်းကဆိုပါတယ်။ သက်တမ်းကုန်နေတဲ့ ကာကွယ်ဆေးတွေကို ပြန်သိမ်းခဲ့ပြီး သတ်မှတ်ချက်များအတိုင်း ဖျက်ဆီးသွားမယ်လို့ နိုင်ဂျီးရီးယားနိုင်ငံ National Primary Health Care Development Agency (NPHCDA) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ Faisal Shuaib က ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) မှာ ပြောပါတယ်။

(ဒေါက်တာ Faisal Shuaib)
သက်တမ်းကုန်နေတဲ့ အဆိုပါ ကာကွယ်ဆေးတွေကို မည်သည့် နိုင်ဂျီးရီးယား နိုင်ငံသားကိုမှ မထိုးပေးကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲအတွင်း အာမခံခဲ့ပါတယ်။ မိမိတို့အနေနဲ့ နောက်ထပ် သက်တမ်းအကုန်မြန်နိုင်တဲ့ COVID-19 ကာကွယ်ဆေးတွေကို လက်ခံသွားတော့မှာ မဟုတ်ကြောင်းလည်း ဒေါက်တာ Faisal Shuaib က ထပ်မံ ပြောကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယားမှာ နိုင်ငံရဲ့လူဦးရေ ၂၁၁ သန်းအနက် ၃.၉ သန်းကိုသာ COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးပေးထားရသေးကြောင်း သိရပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးနောက် booster shot အဖြစ် နောက်တစ်ကြိမ် ထိုးပြီးသူအရေအတွက်ကတော့ နိုင်ဂျီးရီးယားတစ်နိုင်ငံလုံးမှာ ၄၉၆ ဦးသာရှိပါသေးတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ၊ ဥရောပကော်မရှင်နဲ့ ပြင်သစ်အစိုးရတို့ ဦးဆောင်စီစဥ်တဲ့ COVAX ကာကွယ်ဆေးအစီအစဥ်အရ ဥရောပမှ လက်ခံရရှိထားတဲ့ Oxford-AstraZeneca ကာကွယ်ဆေး အလုံးရေတစ်သန်းခန့်ဟာ နိုဝင်ဘာလအတွင်း သက်တမ်းကုန်သွားခဲ့ကြောင်း သတင်းတွေကို နိုင်ဂျီးရီးယားအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အတည်ပြုခဲ့ကြောင်း RT သတင်းက ဖော်ပြပါတယ်။
မီဒီယာမှာ ဖော်ပြမှုတွေအရ အဆိုပါ COVID-19 ကာကွယ်ဆေးတွေဟာ နိုင်ဂျီးရီးယားကို ရောက်ရှိလာချိန်မှာ သီတင်း ၄ ပတ်မှ ၆ ပတ်အတွင်း သက်တမ်းကုန်တော့မှာဖြစ်ပြီး အချိန်မီ အသုံးမပြုနိုင်ခဲ့ကြောင်း သိရပါတယ်။ ဗြိတိန် အောက်စ်ဖို့တက္ကသိုလ်နဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းဖော်စပ်ထားတဲ့ Oxford-AstraZeneca ကာကွယ်ဆေးကို Covishield အမည်ဖြင့် အိန္ဒိယနိုင်ငံမှာလည်း ထုတ်လုပ်ခဲ့ပြီး COVAX အစီအစဥ်အရ ကမ္ဘာ့နိုင်ငံများသို့ ထောက်ပံ့ပေးနေခဲ့ပါတယ်။
Photo: Reuters